



၂၃.၄.၂၀၂၆
Translated by Htwe Ko Tun
ဒိန်းမတ်နိုင်ငံ မြို့တော်ကိုပင်ဟေဂင်အနီးမှာ ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိမှု ဧပြီလ ၂၃ ရက်ကဖြစ်ပွားခဲ့တာမှာ ဒဏ်ရာရသူ အနည်းဆုံး ၁၇ ဦးရှိပြီး လေးဦးမှာ အခြေအနေစိုးရိမ်ရတယ်လို့ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေက ပြောကြားခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ထိုဖြစ်ရပ်ကို ပြင်းထန်တဲ့မတော်တဆမှုလို့ ခေါ်ဆိုခဲ့ပြီး ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ခရီးသည်အားလုံးကို ရထားတွဲတွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရထားနှစ်စင်း တိုက်မိမှုက ကိုပင်ဟေဂင်မြောက်ဘက် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာရှိ ဂရစ်စကော့ဗ် နယ်မြေမှာ ဖြစ်ခဲ့တာဖြစ်ပြီး ရဲနဲ့ အရေးပေါ်ဝန်ဆောင်မှုတွေကို အမြောက်အမြား လှုပ်ရှားဆောင်ရွက်နေတယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တင်မ် ဆီမွန်ဆန်က ဒေသစံတော်ချိန် နံနက် ၆း၃၀ (0430 GMT) မှာ ရထားနှစ်စင်းတိုက်မိလို့ သတိပေးချက် ထွက်ပေါ်လာတယ်လို့ ပြောခဲ့ပါတယ်။ ဂရစ်စကော့ဗ်မြို့တော်ဝန် ထရွိုင် အီဂက်ဗက်က ဒဏ်ရာရသူတချို့ကို ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ လူမှုကွန်ရက် Facebook မှာ ရေးသားခဲ့ပါတယ်။
ထိုနေရာကို ရဲတွေက ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် မီဒီယာဖော်ပြချက်တွေအရ ဟီလာရောဒ့် (Hillerod) နဲ့ ကာဂါအပ် (Kagerup) မြို့တွေအကြား ရထားနှစ်စင်း တိုက်မိမှုမှာ ရထားနှစ်စင်းရဲ့ ရှေ့ပိုင်းစက်ခေါင်းတွေ ပျက်စီးနေတာကို တွေ့ကြရပါတယ်။
မြို့တော်ဝန် ထရွိုင် အီဂက်ဗက်က သူမအနေနဲ့ ထို မတော်တဆမှုကြောင့် “အလွန်စိတ်မကောင်းဖြစ်ပြီး ထိတ်လန့်ခဲ့ရတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ ရထားကို ဂရစ်စကော့ဗ်မှာ နေထိုင်သူတွေ အလုပ်သမားတွေနဲ့ ကျောင်းသူကျောင်းသားတွေက အသုံးပြုကြပါတယ်။ အရေးပေါ်ဝန်ဆောင်မှုများသည် မနားမနေ လုပ်ဆောင်နေကြပြီး လူတိုင်း လိုအပ်သော အကူအညီများ ရရှိစေရန် ဗဟိုအဆင့်တွင် ကြိုးစားနေကြတယ်လို့လည်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံက သူ့နိုင်ငံမှာ ရထားပို့ဆောင်ရေးက ဘေးကင်းတဲ့မှတ်တမ်းကို ဂုဏ်ယူဝင့်ကြွားလေ့ ရှိပါ တယ်။ ဒါပေမယ့် ၂၀၁၉ ခုနှစ် ရထားတိုက်မှုတစ်ခုမှာ လူရှစ်ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် သြဂုတ်လကလည်း အမြန်ရထားတစ်စင်းဟာ လမ်းဆုံတစ်ခုမှာ လယ်ယာထရပ်ကား တစ်စီးကို ဝင်တိုက်မိလို့ လူတစ်ဦးသေဆုံးကာ ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။
Ref- AFP
