၂၃.၄.၂၀၂၆
Written By Thandar
ပန်းချီဆရာကြီးလေးဦးရဲ့ ရသမျိုးစုံပေးစွမ်းထားတဲ့ “The Quartet Echoes” Group Art Show ပွဲအခမ်းအနားကို ယနေ့ ဧပြီ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အမျိုးသားပြတိုက်ရှိ ယသော်ဓရာပြခန်း အမှတ် ၆၆/၇၄မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ပန်းချီပြပွဲကို ဧပြီ ၂၃ ရက်ကနေ မေလ ၆ ရက်အထိ ပြသသွားမှာဖြစ်ပြီးတော့ ပန်းချီဆရာတွေဖြစ်တဲ့ ဦးဝင်းမင်းမောင်၊ စောဂျနူး(Saw Jnone)၊ သုခုမ ဦးအုန်းခင်၊ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ဆရာဦးဟန်ရွှေတို့ရဲ့ ပန်းချီကားတွေကို ရေဆေး၊ ဆီဆေးနဲ့ Acrylics တွေ အကောင်းဆုံးချပြခဲ့တာလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အဖေကတော့ ဒီပန်းချီပြပွဲမှာ ပါဝင်ပြသတဲ့ ဦးဟန်ရွှေပါ ဖေဖေကတော့ ပြီးခဲ့တဲ့ ၁၂ လပိုင်းက ဆုံးသွားပါပြီ။ အဓိက ကတော့ ဖေဖေ့အတွက် အမှတ်တရပွဲလေးလုပ်ချင်ခဲ့တာပါ။ ပန်းချီဆရာလေးဦးပေါင်း သားသမီးတွေကပေါင်းပြီး စီစဉ်လိုက်တဲ့ပွဲလေးပါ။ လောလောဆယ် ပန်းချီပြပွဲမှာ နေရာအခက်အခဲကြောင့် ပန်းချီကားပေါင်း ၂၀ ကို ချပြထားပါတယ်။ ဖေဖေချန်ရစ်ခဲ့တဲ့ ပန်းချီကားပေါင်း ၂၀၀ လောက်ရှိပါတယ်။ အဖေကတော့ ပန်းချီတွေကို အကြောင်းအရာတွေကို သူ့သက်တမ်းအလိုက် ပန်းချီကို ရေးဆွဲတတ်ပါတယ်။ ဆီဆေးတွေ ရေးခဲ့သလို ရေဆေးလည်းရေးခဲ့တယ်။ သူမဆုံးခင်တော့ ဒီမှင်ခြစ်နဲ့ Water Color တွေ ဆွဲခဲ့ပါတယ်။ ကျွန်တော် ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို ပန်းချီဝါသနာပါသူတွေကြည့်စေချင်ပါတယ်။ လာရောက် အားပေးကြည့်ရှုကြပါလို ပြောချင်ပါတယ် ”လို ပန်းချီဆရာဦးဟန်ရွှေရဲ့ သားဖြစ်သူပန်းချီ အောင်ချိုဦးက MT Enteratinment ကို ပြောပါတယ်။
ဒီပန်းချီပြပွဲကိုတော့ ရက်ရှည်ပြသထားပေမယ့် အစိုးရရုံးပိတ်ရက်တွေနဲ့ တနင်္လာ၊ ဗုဒ္ဓဟူးနေ့မှာ ပြသမှု တွေမရှိဘဲ ရုံဖွင့်ရက်တွေမှာ ပုံမှန်ဖွင့်လှစ် ပြသသွားမယ်လိုလည်းသိရပါတယ်။
“ကျွန်တော်က ဒီပွဲမှာ Acrylics ကားတွေပဲ ၁၀ ကားပြသထားပါတယ်။ တောတောင်ရေမြေ သဘာဝကို သဘောကျလို့ ရေးဆွဲထားပါတယ်။ ကိုယ်က ပန်းချီကျောင်းဆင်းဖြစ်ပေမယ့် ဝမ်းရေးအတွက် တခြားလုပ်ငန်းတွေ လုပ်ကိုင်ရင်းမို့ ခုနောက်ပိုင်းမှာ ပြန်လည် ပန်းချီတွေရေးဆွဲဖြစ်တာပါ။ လူတိုင်းက ကိုယ့်ပန်းချီကားလေးကို ကြည့်ရင် အေးချမ်းသွားတဲ့ ခံစားချက်ကို ရစေချင်လို့ ပန်းချီတွေဆွဲဖြစ်တာပါ”လို့ ပန်းချီဆရာ ဦးဝင်းမင်းမောင် က MT Entertainment ကို ပြောပါတယ်။
#အောင်ချိုဦး #ဦးဟန်ရွှေ #ဦးဝင်းမင်းမောင် #ပန်းချီပြပွဲ #AungChoOo #HanShwe #WinMinMaung #အမျိုးသားပြတိုက် #THEQUARTETECHOES









