
၂၃.၄.၂၀၂၆
Written by Linn Eain
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားရသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် လိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဧပြီ ၂၂ ရက်က တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို ဆေးရုံအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အခြေခံအဆင့်မှစ၍ မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့၏ ဝန်ထမ်းများအပါအဝင် ဝန်ထမ်းမိသားစုများ၏ ပညာရေးကိုအဆင့်မြှင့်တင်နိုင်ရေး ဝန်ထမ်းများအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးနှင့်ပတ်သက်ပြီး အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုကိုပေးအပ်နိုင်ရန် လိုအပ်ကြောင်းမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အာမခံအလုပ်သမားလူနာများကို တွေ့ဆုံ နှုတ်ဆက်အားပေးပြီး လှူဒါန်းငွေများပေးအပ်ခဲ့ကြောင်း၊ ယင်းဆေးရုံကြီးတွင် အာမခံအလုပ်သမားလူနာများကို ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၄၆၆၈၅ ဦးကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးပြန်အမ်း အမှုတွဲ ၇၇၈၀၇ မှုအတွက် ငွေကျပ် ၇၉၇၄ ဒသမ ၃၉၆ သန်းကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
