




၂၂.၄.၂၀၂၆
Photo by Nay Yaung
နှစ်စဉ် ဧပြီ ၂၂ ရက်နေ့ကို World Earth Day – ကမ္ဘာမြေနေ့အဖြစ် သတ်မှတ်ထားပြီး သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ဂေဟစနစ်ပျက်စီးမှုများကို ကာကွယ်ဖို့ကို သတိပြုမိစေဖို့ ရည်ရွယ်ထားပြီး ကမ္ဘာမြေကိုပိုမိုချစ်တတ်လာဖို့ သတိပေးနေတဲ့ နေ့ဆိုလည်း မမှားပါဘူး။
ကမ္ဘာမြေကို ချစ်ကြောင်း၊ ဂရုစိုက်ကြောင်းပြသဖို့ဆိုရင် နေ့စဉ်ဘ၀ထဲက ပလပ်စတစ်သုံးစွဲမှုကို မဖြစ်မနေလျှော့ချသုံးစွဲဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ ရန်ကုန်မြို့ဟာ မြို့ကြီးတစ်ခုဖြစ်တာနဲ့ အညီ လူနေမှုထူထပ်သလို ထွက်ရှိတဲ့ ပလပ်စတစ်အပါအဝင် အမှိုက်ထွက်ရှိမှုကလည်း အင်မတန်များပြားပါတယ်။
လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်အမှိုက်ပုံဟာဆိုရင် ရန်ကုန်တိုင်းဒေသကြီးရဲ့ အကြီးမားဆုံးအမှိုက်ပုံလို့ဆိုနိုင်ပြီး ၆၆၈ ဧကကျယ်ဝန်းပါတယ်။ ဒီအမှိုက်ပုံမှာ ရန်ကုန်မြောက်ပိုင်းခရိုင်နဲ့ ရန်ကုန်တောင်ပိုင်းခရိုင်တို့က တစ်နေ့တာစွန့်ပစ်တဲ့ ပလတ်စတစ်အပါအဝင်အမှိုက်တန်ချိန် ၁၂၀၀ ခန့်ကို နေ့စဉ်လက်ခံထားရပါတယ်။
အဲဒီအမှိုက်တန်ချိန် ၁၂၀၀ ခန့်မှာ ပလပ်စတစ်အမှိုက်က အများဆုံးပါဝင်နေတာဖြစ်ပြီး အမှိုက်များအနက် ဖျက်ဆီးရအခက်အခဲဆုံးဟာလည်း ပလပ်စတစ်အမှိုက်ပဲဖြစ်သလို နှစ်ပေါင်းရာချီတိုင်အောင် ဆွေးမြေ့ပျက်စီးခြင်းမရှိပါဘူး။
ဒါကြောင့်မို့ ၁၉၇၀ ခုနှစ်ထဲက စတင်ခဲ့တဲ့ World Eart Day မှာ ပလပ်စတစ်အမှိုက်ဆိုးကျိုးကြောင့် ဖြစ်ပေါ်လာမဲ့ သဘာ၀ပတ်ဝန်းကျင်ညစ်ညမ်းမှုကို သတိပြုမိစေဖို့အတွက် လှိုင်သာယာထိန်ပင်အမှိုက်ပုံက ပုံရိပ်များကို ဖော်ပြလိုက်ရပါတယ်။
World Earth Day – ကမ္ဘာမြေနေ့ကို နှစ်စဉ်နှစ်တိုင်း ဧပြီလ ၂၂ ရက်မှာ ကျင်းပလေ့ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်ကာကွယ်ရေးဆိုင်ရာ အထောက်အပံဖြစ်စေမည့် သရုပ်ပြပွဲများဖြင့် ကျင်းပလေ့ရှိပါတယ်။
