



◾️ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးချယ်သည့်အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းလျက်ရှိမှုများ ဆွေးနွေး
◾️မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ပါ အချက်များကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ် ထားရှိမှုအခြေအနေများပါ ဆွေးနွေးခဲ့ဟု သိရ
၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkaew ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သံတမန်ဆက်ဆံမှုများ ရှည်ကြာကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်ရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။
ထို့အတူ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့များလျှော့ချနိုင်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ပြည်သူများက ရွေးချယ်သည့် အစိုးရအဖွဲ့မှ နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ဖိတ်ခေါ် ထားရှိမှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ပါ အချက်များတွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားအချက်များကို အကောင်းဆုံးပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
ယင်းအပြင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ထိုင်းနိုင်ငံမှ ပါဝင်ကူညီဆောင်ရွက် ပေးသွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရင်နှီးမြှုပ်နှံမှု၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
