၂၂. ၄. ၂၀၂၆
Translated by Thettant
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံတစ်ခုတွင် ယမန်နေ့ ဧပြီ ၂၁ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်သည် သုံးရက်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး၊ ဖြစ်စဉ်နှစ်ခုပေါင်း သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၈ ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။
အဆိုပါဖြစ်စဉ်သည် ကီရာလာပြည်နယ်၊ ထရစ်ဆူးမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လာမည့်ပွဲတော်တစ်ခုအတွက် အဆောက်အအုံငယ်များအတွင်း လူပေါင်း ၄၀ ခန့် မီးရှူးမီးပန်းများ တပ်ဆင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ အခြားလူအများအပြားလည်း ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သတင်းရရှိသည်။
ယခုဖြစ်စဉ်သည် ယခုသီတင်းပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဧပြီ ၁၉ ရက်) ကလည်း အိမ်နီးချင်း တမီးလ်နာဒူးပြည်နယ်ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သေးသည်။
အိန္ဒိယနိုင်ငံ၏ မီးရှူးမီးပန်းလုပ်ငန်းတွင် မတော်တဆ ပေါက်ကွဲမှုများသည် ဝမ်းနည်းဖွယ်ရာ ဓလေ့တစ်ခုကဲ့သို့ ပုံမှန်ဖြစ်ပွားနေပြီး၊ အထူးသဖြင့် တစ်နိုင်ငံလုံး၏ မီးရှူးမီးပန်းလိုအပ်ချက် အများစုကို ထုတ်လုပ်ပေးနေသည့် တမီးလ်နာဒူးပြည်နယ်ရှိ သီဝကာစီမြို့ဝန်းကျင်တွင် စိုးရိမ်ဖွယ်ရာကောင်းလောက်အောင် မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။
အင်္ဂါနေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲ (ဂရင်းနစ်စံတော်ချိန် ၁၀ နာရီ) ဝန်းကျင်တွင် ထရစ်ဆူး၌ ဖြစ်ပွားခဲ့သော အဆိုပါပေါက်ကွဲမှုသည် နောက်ဆက်တွဲ ပေါက်ကွဲမှုများကိုပါ ဖြစ်ပေါ်စေခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရသည်။ မီးရှူးမီးပန်းများကို လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော လယ်ကွင်းများအနီးရှိ ယာယီတဲများအတွင်း ပြုလုပ်နေကြခြင်းဖြစ်သဖြင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများအတွက် အဟန့်အတား ဖြစ်စေခဲ့သည်။
ပေါက်ကွဲမှုအရှိန်ကို ကီလိုမီတာပေါင်းများစွာ အကွာအဝေးအထိ ခံစားခဲ့ရပြီး အချို့ဒေသခံများက ငလျင်လှုပ်သည်ဟုပင် မှတ်ထင်ခဲ့ကြကာ အနီးနားရှိ နေအိမ်များလည်း ပျက်စီးခဲ့သည်။ ဒေသခံများက ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပြီး သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ဆွဲထုတ်ပေးနေကြရသည့် ပရမ်းပတာ မြင်ကွင်းများကိုလည်း မျက်မြင်သက်သေများက ပြောပြခဲ့ကြသည်။
ကီရာလာပြည်နယ် အခွန်ဝန်ကြီး ကေ ရာဂျန်က ဘီဘီစီသို့ ပြောကြားရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဟိန္ဒူဘုရားကျောင်း ပွဲတော်ကြီးဖြစ်သော “ထရစ်ဆူး ပူရမ်”အတွက် ပြင်ဆင်နေသည့် မီးရှူးမီးပန်းလုပ်ငန်း အားလုံးသည် သတ်မှတ်ထားသော နေရာများတွင် ထုတ်လုပ်ခြင်းနှင့် သိုလှောင်ခြင်းများ ပြုလုပ်ရန် ခွင့်ပြုချက် ရရှိထားကြကြောင်း ဆိုသည်။
အဆိုပါ အလုပ်သမားများသည် ထရစ်ဆူး ပူရမ် ပွဲတော်၏ နောက်ဆုံးအဆင့် မီးရှူးမီးပန်းပြိုင်ပွဲတွင် အဓိကပါဝင်သူနှစ်ဦးအနက် တစ်ဦးဖြစ်သည့် သီရူဗမ်ဘဒီဘုရားကျောင်းအတွက် မီးရှူးမီးပန်းများ ပြင်ဆင်နေကြခြင်းဖြစ်သည်။
သီရူဗမ်ဘဒီနှင့် ပါရာမဲကာဗူ ဘာဂါဗာသီဘုရားကျောင်းတို့မှ တင်ဆက်သည့် နာမည်ကျော် မီးရှူးမီးပန်းပြသမှုကို အဆင့် ၄ ဆင့်ဖြင့် ပြုလုပ်လေ့ရှိပြီး ပွဲတော်၏ သတ္တမမြောက်နေ့တွင် ကျင်းပသည့် အဓိက ညလုံးပေါက် မီးရှူးမီးပန်းပြသမှုသည် လူအုပ်ကြီးကို အများအပြား ဆွဲဆောင်နိုင်လေ့ရှိသည်။
အလုပ်သမား ၄၀ ခန့်အတွက် အစားအစာများ ပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အဆိုပါ ယာယီအဆောက်အအုံအတွင်း အနည်းဆုံး လူဦးရေ ထိုမျှ ရှိနေနိုင်ကြောင်း တာဝန်ရှိသူများက ခန့်မှန်းထားသည်။
စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌ ပီအန် ဆူရန်ဒရန်က ထရစ်ဆူးတွင် လက်ရှိဖြစ်ပွားသည့် ပေါက်ကွဲမှုသည် နေလယ်ပိုင်းအပူချိန်လွန်ကဲမှုကြောင့် ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သော်လည်း တာဝန်ရှိသူများကမူ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုသည်။
“အဆောက်အအုံထဲမှာ အလုပ်သမား ဘယ်လောက်ရှိနေသလဲဆိုတာနဲ့ ဒဏ်ရာရမှု အတိုင်းအတာကို ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အပူချိန်လွန်ကဲမှုက ဒီဝမ်းနည်းစရာဖြစ်ရပ်အတွက် အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ သံသယရှိပါတယ်” ဟု ဆူရန်ဒရန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
Ref : BBC
