


သက်တံ့
၂၂. ၄. ၂၀၂၆
ထိုင်းနိုင်ငံ၊ လွယ်အိပြည်နယ်၊ ချင်းခမ်းခရိုင်ရှိ ရေလုပ်သားများသည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ပုံမှန်မဟုတ်သော အဖုအကျိတ်များ ဖုံးလွှမ်းနေသည့် ငါးများကို ဆက်လက် ဖမ်းဆီးရမိပြီးနောက် မဲခေါင်မြစ်အတွင်း အဆိပ်သင့်သတ္တုဓာတ်များဖြင့် ညစ်ညမ်းမှုများ ရှိနေနိုင်သည့်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်နေကြသည်။
ယနေ့ ဧပြီလ ၂၂ ရက်နေ့က ထွက်ပေါ်လာသော နောက်ဆုံး သတင်းအရ ဒွန်းခိုင်ကျေးရွာအနီးတွင် အကြေးခွံမပါသော Catfish မျိုးစိတ်ဖြစ်သော ငါးခူနွယ်ဝင် Pla Khae တစ်ကောင်ကို ဖမ်းဆီးရမိခဲ့သည်။ အလေးချိန် ၁၀၀ ဂရမ်ခန့်နှင့် အရှည် ၂၃ စင်တီမီတာရှိသော အဆိုပါငါး၏ ခန္ဓာကိုယ်အနှံ့တွင် ပုံမှန်မဟုတ်သော အကျိတ်များကို တွေ့ရှိခဲ့ရသဖြင့် ရေလုပ်သားများက အဆိပ်သင့်သတ္တုများဖြင့် ညစ်ညမ်းနေမည်ကို စိုးရိမ်သောကြောင့် ရောင်းချခြင်း သို့မဟုတ် စားသုံးခြင်း မပြုလုပ်ဘဲ ရှောင်ကြဉ်ခဲ့ကြသည်။ ချင်းခမ်းဒေသခံများ၏ ပြောကြားချက်အရ ယခုကဲ့သို့ ဖြစ်စဉ်မျိုး အကြိမ်ကြိမ် ဖြစ်ပွားနေပြီး လွန်ခဲ့သည့် တစ်လအတွင်းမှာပင် ထိုသို့သောငါး ၃ ကောင်အထိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒေသခံရေလုပ်သားများက ဤကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေများသည် မြစ်အတွင်းရှိ အဆိပ်အတောက်ဖြစ်စေသော ဒြပ်ပစ္စည်းများနှင့် ဆက်နွှယ်နေနိုင်ကြောင်း ပြောဆိုကြသည်။ အထူးသဖြင့် မဲခေါင်မြစ်၏ အထက်ပိုင်းမြစ်များဖြစ်သော ကော့ခ်မြစ် (Kok River) နှင့် ဆိုင်မြစ် (Sai River) တို့မှ ရေအရည်အသွေး စစ်ဆေးချက်များအရ အာဆင်းနစ် (Arsenic) နှင့် ခဲ (Lead) ကဲ့သို့သော အဆိပ်သင့် သတ္တုဓာတ်များ လွန်ကဲစွာ ပါဝင်နေသည်ကို တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် မြစ်အထက်ပိုင်းမှ ညစ်ညမ်းပစ္စည်းများသည် မြစ်အောက်ပိုင်းရှိ မဲခေါင်မြစ်အတွင်းသို့ စီးဆင်းလာသည်ဟု သံသယရှိနေကြသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့များကလည်း နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများနှင့် ပတ်သက်၍ စိုးရိမ်မှုများကို ထုတ်ဖော်ခဲ့ကြသည်။ သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် (Shan Human Rights Foundation) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ကော့ခ်မြစ်တစ်လျှောက်တွင် အချို့မှာ တရုတ်ကုမ္ပဏီများနှင့် ဆက်နွှယ်နေသော မြေရှားသတ္တု (Rare Earth) နှင့် ရွှေတူးဖော်ရေး လုပ်ငန်းများမှ အဆိပ်သင့်သတ္တုဓာတ်များပါဝင်သည့် စွန့်ပစ်ပစ္စည်းများကို မြစ်ချောင်းများအတွင်းသို့ စွန့်ပစ်နေကြပြီး၊ ထိုမြစ်များသည် မဲခေါင်မြစ်အတွင်းသို့ စီးဝင်နေကြောင်း သိရသည်။
ယခု သံသယဖြစ်ဖွယ် ညစ်ညမ်းမှုများသည် ရေနေသတ္တဝါများ၊ စားသုံးသူများ၏ ဘေးကင်းလုံခြုံရေးနှင့် ဒေသခံရေလုပ်သားများ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်သည်။
လက်ရှိတွင် ထိုငါးများကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးသွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ရေအရည်အသွေးကို ပိုမိုစောင့်ကြည့်စစ်ဆေးရန်နှင့် ပုံမှန်မဟုတ်သော ဖြစ်ရပ်များ၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် တိုက်တွန်းတောင်းဆိုထားကြသည်။
Ref: Thai Enquirer
