




၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ၂၄ နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယနေ့တွင် မကွေးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြာစဉ် ထည့်သွင်းပြောကြားသည်။
ပြည်သူနှင့်တပ်မတော်ဆိုသည်မှာ ခွဲခြား၍မရဘဲ ပြည်သူနှင့်တပ်မတော်သည် ချစ်ချစ်ခင်ခင်နှင့် စည်းစည်းလုံးလုံးရှိနေစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် ၂၄ နာရီတာဝန်ရှိပြီး ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားသည်။
ထို့အတူ တပ်မတော်သည် ပြည်သူများက ပေါက်ဖွားလာခြင်းဖြစ်သည့်အတွက် ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရန် တာဝန်ရှိသည်ကို မိမိတို့အမြဲတမ်းခံယူထားရမည်ဖြစ်ပြီး နဂိုကတည်းကပင် ရှိပြီးသား ဖြစ်ရမည့်စိတ်ဓာတ်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အလားတူ မိမိတို့လုပ်ဆောင်ရသောအလုပ်ကို သိရှိအောင်လုပ်ပြီး ၎င်းအလုပ်ကို ကောင်းမွန်အောင် မည်သို့လုပ်ဆောင်မည်၊ တိုးတက်အောင် မည်သို့လုပ်ဆောင်မည်၊ အင်အားတိုးတက်အောင် မည်သို့လုပ်ဆောင်မည်ဟူသော စိတ်ဓာတ်ကိုမွေးမြူ၍ ဂရုတစိုက်လုပ်ဆောင်သွားမည်ဆိုပါက မိမိတို့တပ်မတော်၏ အရည်အသွေးတိုးတက်လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အထက်ပါမှာကြားမှုများအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့သည် မကွေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှု့ အားပေးစကား ပြောကြားခဲ့သည်။
