


နေမိုး
၂၂. ၄. ၂၀၂၆
KNU တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် (ကစဲဒိုမြို့နယ်) အတွင်း ယနေ့ ဧပြီလ ၂၂ ရက် နံနက်ပိုင်းအချိန်က ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သည့် ကော်သူးလေအာမီ (KTLA) အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU/KNLA တပ်ဖွဲ့ဝင် ၄ ဦးနှင့် ၁၀ နှစ်အရွယ် ကလေးစစ်သားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် သရက်ချောင်းမြို့နယ်၊ ဖောခလိုးရွာ၌ စောအယ်ခွီး ဦးစီးသည့် KTLA အဖွဲ့က KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၂) မှ ကရင်လက်နက်ကိုင်များကို ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် KNU ထိန်းချုပ်မီဒီယာ KIC က ဖော်ပြသည်။
ထို့အပြင် “ဒီနေ့ မနက်အစောပိုင်း ၅ နာရီမှာပဲ ဖြစ်သွားတာ။ တပ်ရင်း (၁၂) က ရဲဘော် ၄ ဦး သေတယ်။ ပြီးတော့ ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ်တစ်ဦးလည်း ပါသွားတယ်” ဟု KIC က KNLA တာဝန်ရှိသူကို ကိုးကားရေးသားသည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လ (၁၄)ရက်နေ့ ညနေ ၃ နာရီ အချိန်ကလည်း ဝင်းဝစခန်းသိမ်းတိုက်ပွဲက ပြန်လာသော KNU/KNLA နှင့် PDF ပူးပေါင်းအဖွဲ့ကို တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်) အနီး၊ ဘန်းချောင်းကျေးရွာအုပ်စုအတွင်း၊သမီးပေါ်သော(ဟင်းကပိ)ကျေးရွာနှင့် ကနဲဃော(ပျားသားချောင်း)ကျေးရွာကြားတွင် ၌ ဗိုလ်စောအယ်ခွီး (ခ) ကောလားဖိုး ဦးဆောင်သော KTLA အဖွဲ့များက ခြုံခို တိုက်ခိုက်ရာမှ ဗထူးတပ်ဖွဲ့မှ PDF (၃)ဦး ထိခိုက်ဒဏ်ရာရကာ (၄) ဦး သေဆုံးပြီး တစ်ယောက်ပျောက်ဆုံးနေသည့်အပြင် ကား(၁)စီးပါ ပျက်စီးခဲ့သည်ဟု KNU က ဝန်ခံခဲ့သည်။
ထို့အတူ ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ကလည်း ကစယ်ဒိုမြို့နယ်၊ သမီးပေါ်သောကျေးရွာနှင့် ပျားသားချောင်းကျေးရွာကြား၌ KTLA တပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် KNLA လက်နက်ကိုင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းကလည်း KNLA တပ်ရင်း (၁၂) နယ်မြေတွင် KNLA တပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို KTLA အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် KNLA ၏ စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့် လက်နက်ကိုင်တစ်ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်။
ကရင်လက်နက်ကိုင် ဗိုလ်မြ၏သား စောနယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ KNDO ၏ တပ်မှူးကြီးတစ်ဦးဖြစ်သော်လည်း လမ်းလုပ်သား ၂၅ ဦးကို ရက်စက်စွာသတ်ဖြတ်မှုဖြင့် KNU မှ ထုတ်ပယ်ခံရပြီးနောက် KTLA (ကော်သူးလေတပ်မတော်) ကို ထူထောင်ခဲ့သလို ကော်သူးလေသမ္မတအဖြစ်လည်း မိမိကိုယ်ကိုယ် နှစ်ကြိမ်ကြေညာခဲ့သည်။
Ref & Photo – KIC
