April 20, 2024

ကျူးကျော် ဆိုင်ခန်း တစ်ခန်းကို ဆိုင်ရှင်များက ဖျက်ပေးနေသည့် မြင်ကွင်း (ဓာတ်ပုံ - CJ)

၂၈. ၂. ၂၀၂၃
Written by Thuta Zaw

ရာအိမ်မှူး ၂ ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်အိမ်ရာ၊ ၉၄ ရပ်ကွက်ရှိ ကျူးကျော်အိမ်ခန်းနှင့် ဆိုင်များအားလုံး ရှင်းလင်းထားပြီးဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံများထံက သတင်း ရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၉ ရက် တွင် ၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရသည့် ဖြစ်စဉ်၌ ရာအိမ်မှူး ၂ ဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာရရှိခဲ့ပြီးနောက် အဆိုပါ ရပ်ကွက်ရှိ ကျူးကျော်ဆိုင်ခန်းနှင့် အိမ်ခန်းများကို ဖေဖော်ဝါရီ ၂၂ ရက်တွင် စတင်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ယုဇန က အေ၊ ဘီ၊ စီ ဘလောက် ရှိတယ်။ ၉၄ ရပ်ကွက်က ဘလောက်တွေမှာရှိတဲ့ မိန်းလမ်းမပေါ်ရှိတဲ့ ဆိုင်ခန်းတွေ၊ အိမ်ခန်းတွေ ဖျက်ရတယ်။ ဆိုင်ခန်းတွေကလည်း ကျူးတွေပဲ ရှိတာ။ ကားသွားတာက ပုဏ္ဍမီလမ်းနဲ့ ကျွန်းရွှေမြိုင်။ အဲ့ဒီ လမ်းပေါ်က ဆိုင်ခန်းတွေ၊ အိမ်ခန်းတွေလည်း ဖျက်ရတယ်။ ပြောရရင် ရပ်ကွက်ထဲက ကျူးတွေ အကုန်ဖျက်ရတာပေါ့။ ယုဇနမှာ တရားဝင် မြို့မစည်ပင်စျေးရှိတယ်။ အဲ့ဒါက အိမ်ရာ အစွန်ကျလို့ စျေးဝယ်သူ သိပ်မလာကြဘူး။ ကံ့ကော်လမ်း အေဘလောက် နဲ့ ဘီဘလောက်ကြားမှာ လမ်းဘေးဝဲယာမှာ ပျံကျဆိုင်တွေကော စျေးဆိုင်တွေ ရှိတယ်။ အဲ့ဒီ ဥစ္စာတွေ အကုန်အဖျက်ခံရတယ်။ ရပ်ကွက်စျေးပေါ့။ အခိုင်အမာ ဖြစ်နေတာ နှစ် ၂၀ လောက် ရှိပြီ” ဟု ကိုယ်တိုင် ဆိုင်အဖျက်ခံခဲ့ရသူ ဒေသခံတစ်ဦး က ဆိုသည်။

အဆိုပါ ကျူးများမှာ ဆိုင်ခန်းများဖွင့်ပြီးနောက် လူနေအခန်းများကိုပါ တွဲလျှက် တည်ဆောက်နေကြသူများနှင့် ကျူးကျော်အိမ်ခန်းများတွင် ငှားရမ်းနေထိုင်ကြသူများ ဖြစ်သောကြောင့် ယခုကဲ့သို့ အဖျက်ခံလိုက်ရသည့်အခါ နေရေးနှင့် စားရေးအတွက် အခက်အခဲရှိပြီး အချို့က မွေးရပ်ဇာတိကို ပြန်ကြသကဲ့သို့ အချို့ကလည်း ဆွေမျိုး အသိမိတ်ဆွေများအိမ်တွင် ခိုလှုံနေကြရကာ စျေးသည်များကလည်း စျေးပြန်ရောင်းချနိုင်ရန်အတွက် လိုလားနေကြကြောင်း ၎င်းက ဆိုသည်။

“ဖျက်တာက ၂၂ ရက်က စတယ်။ ၂၂ ရက်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနားက ဆိုင်တွေ ဖျက်တယ်။ ဘူဒိုဇာနဲ့လည်း ဖျက်တာ တွေ့တယ်။ ကျန်တဲ့ နေရာတွေကို မဖျက်ဘဲ သတိပေးစာကပ်တယ်။ ခင်ဗျားတို့ မဖျက်ရင် ကျွန်တော်တို့ ဖျက်မယ်ပေါ့။ အဲဒီတော့ ကိုယ့်ဟာကိုယ် ဖျက်ပေးကြတာ။ ၂၃ ရက်ကျတော့ ကျွန်မတို့ ဘက်ရောက်လာပြီး အကုန်ဖျက်ရတာ။ သတိလိုက်ပေးတယ်။ အုပ်ချုပ်ရေးပိုင်းက လူတစ်ယောက်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ပါတယ်။ ၂၃ ရက်နေ့ကျမှ ၂၄ ရက် နောက်ဆုံးထား ဖျက်ရမယ်ဆိုတော့ စာကပ်ခံရတဲ့ စျေးသည်တွေမှာ တအား ဒုက္ခရောက်တယ်။ ကြိုတင်သတိပေးစာကလည်း ၁ ရက် ၂ ရက် ပဲ ရှိတယ်။ ၂၂ ရက်မှာ သတိပေးစာ ပေးတယ်။ ၂၃ မှာ ပေးတယ်။ ၂၄ ကျတော့ နောက်ဆုံး ဖျက်ကြရတာ” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သည့် အခြား ဒေသခံတစ်ဦးက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *