၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ် မေလ ၁ ရက်နေ့မှစတင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာထားသည်။
အဆိုပါ ရန်ကုန်-မန္တလေး-ရန်ကုန် DEMU လူစီးအမြန်ရထားသည် ရန်ကုန်မှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီ ရောက်ရှိမည်ဖြစ်ကာ မန္တလေးမှ နံနက် ၆ နာရီ စတင်ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ခရီးစဉ်ကြာချိန် ၁၀ နာရီဖြစ်သည်။
အဆိုပါ ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တစ်လျောက် ရပ်တန့်ဘူတာများမှာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့ဖြစ်ပြီး လက်မှတ်ခနှုန်းထားမှာ အထက်တန်း ၄၈,၀၀၀ ကျပ်နှင့် ပထမတန်း ၃၄,၀၀၀ ကျပ်တို့ဖြစ်သည်။
ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တစ်လျောက် အမှတ် (၃၁) အဆန်/ အမှတ် (၃၂) အစုန်နှင့် အမှတ်(၇)အဆန်/ အမှတ်(၈)အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် တစ်ရက်လျှင် နှစ်ကြိမ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။ လမ်းခရီးတွင် တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားသည် ယခင်အတိုင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်-နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်များအတွက် ရန်ကုန်မှ နံနက် ၁၀ နာရီနှင့် နေ့လယ် ၁၂ ခွဲတို့တွင် စတင်ထွက်ခွာမည်ဖြစ်ပြီး နေပြည်တော်မှလည်း နံနက် ၁၀ နာရီနှင့် နေ့လယ် ၁၂ နာရီခွဲတို့တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ ခရီးစဉ်ကြာချိန် ၅ နာရီဖြစ်သည်။
အထက်ပါ ရထားခရီးစဉ်များ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and Payment (ORTP) System ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် ရထားစီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားစီးခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားအနေဖြင့် ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများ ထပ်မံချိတ်ဆက်ပြေးဆွဲခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
