၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
ဦးဝင်းမြင့်အပါအဝင် အကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်းနှင့် နိုင်ငံရေးဆိုင်ရာ အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးမှ ယနေ့တွင် ထုတ်ပြန်ထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည့် သတင်းများကို မိမိတို့ကြိုဆိုပါသည်ဟု ဖော်ပြထားသည်။

ထို့အတူ အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးဆိုင်ရာ အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဦးဝင်းမြင့်အား လက်ရှိကျခံရန်ကျန်ရှိနေသော ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်း သာခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ အမိန့်အမှတ် (၄၂ /၂ဝ၂၆) ဖြင့် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
NLD ပါတီ ကျူးလွန်သော မဲမသမာမှုတွင် ပါဝင်ခဲ့သူသမ္မတဟောင်း ဦးဝင်းမြင့်အနေဖြင့် အဂတိအမှု လေးမှုအပြင် ပုဒ်မ ၁၃၀-က တိုဖြင့် စုစုပေါင်း ထောင်ဒဏ် ကိုးနှစ်နှင့် ခြောက်လကျခံခဲ့ရသူဖြစ်ပြီး လက်ရှိကျန်ရှိနေသော ပြစ်ဒဏ်များကို လျှော့ပေါ့ပေး၍ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်သမ္မတက အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၄,၃၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၇၉ ဦးတိုကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။




