နေမိုး
၂၂. ၄. ၂၀၂၆
ကိုရင်ငယ်တစ်ပါးအား ရက်စက်စွာရိုက်နှက်နေသော သင်္ကန်းဝတ်ဘုန်းကြီးကို ယနေ့နံနက်တွင် ဖမ်းဆီးရမိလိုက်ပြီဖြစ်ကြောင်း ကနဦး သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယမန်နေ့က လူမှုကွန်ရက်တွင် စတင်ပျံ့နှံ့လာခြင်းဖြစ်ပြီး အသက် ၃၀ ခန့် အပေါ်တွင် ဧကသီမပါဘဲ အောက်တွင်သာ သင်းပိုင်ဝတ်ထားသည့် အသက် ၃၀ ခန့် သင်္ကန်းဝတ်ဘုန်းကြီးက အသက်ဆယ်နှစ် ပြည့်ဟန်မရှိသေးသည့် ကိုရင်ငယ်တစ်ပါးကို ထွက်မပြေးနိုင်စေရန် လက်တစ်ဖက်က ချုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် ကြမ်းပြင်ပေါ်လူးလိမ်ငိုကြွေးနေသည့်ကိုရင်ကို တုတ်များဖြင့်ရိုက်ခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်းများပြုလုပ်နေသည့် အချိန်တစ်မိနစ်ခန့်ရှိ ရုပ်သံဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် သံဃာ့ဂုဏ်ထိခိုက်ပျက်ယွင်းကာ၊ ဗုဒ္ဓဘာသာအပေါ် အထင်မှားဝေဖန်စရာ ဖြစ်လာစေသည့် ထိုလုပ်ရပ် လူအများက ဝေဖန်မှုမြင့်တက်လာသဖြင့် လိုက်လံစုံစမ်းရာမှ သင်္ကန်းဝတ်ဖြင့် ကျူးလွန်သူအား ယနေ့တွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“ကိုရင်လေးအား ရိုက်နှက်သော ဦးတေဇ ပဋိပတ္တိတောရကျောင်း၊ ကျောက်ဖြူတောင်၊ မြိတ်မြို့အား ဖမ်းဆီးရမိပြီဖြစ်ပါကြောင်းနှင့် သံဃာ့နာယကဆရာတော်များ စစ်ဆေးနေပြီဖြစ်ပါကြောင်း။ သာသနာရေးအလေးထားကာ ဆောင်ရွက်ပေးတဲ့ ဆက်သွယ်ရေး တပ်မှူးကြီးများ၊ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့်၊ မြိတ်ခရိုင် သာသနာရေးမှူးတို့အား အထူးကျေးဇူးတင်ပါကြောင်း”ဟု အဆိုပါရိုက်နှက်သည့်သင်္ကန်းဝတ်ကို စုံစမ်းဖော်ထုတ် ဖမ်းဆီးပေးသည့် အရှင်သုနန္ဒ (ဗုဒ္ဓရင်ခွင်-ဓမ္မသဘင်) က လူမှုကွန်ရက်တွင် အသိပေးထားသည်။
ကျူးလွန်သည့် မြိတ်မြို့၊ ကျောက်ဖြူတောင်၊ ပဋိပတ္တိတောရကျောင်းမှ ဦးတေဇဆိုသူကို ယနေ့ ဧပြီ ၂၂ ရက် နံနက် ၉ နာရီမထိုးမီအချိန်၊ ထွက်မပြေးမီ ဖမ်းဆီးနိုင်ခဲ့ခြင်းလည်းဖြစ်သည်ဟု သိရှိရပြီး အသေးစိတ် စုံစမ်းစစ်ဆေးချက်များ၊ အမှုဖွင့်အရေးယူမှု အခြေအနေများကို ထပ်မံသိရှိပါက ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။
