၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် ဖူအာကတ်ကောင်း (Sihasak Phuangketkeow) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် အစိုးရအဖွဲ့သစ်များအသီးသီး ဖွဲ့စည်းပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရန်အတွက် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး စီဟာဆက် နေပြည်တော်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း အတွင်းသတင်းများအရ ဧပြီ ၁၉ ရက်တွင် သိရသည်။
သတင်းရင်းမြစ်၏ ပြောကြားချက်အရ စီဟာဆက်သည် ဧပြီလ ၂၂ ရက် (ယနေ့)တွင် နေပြည်တော်၌ အစိုးရသစ်၏ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များအပြင် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ အခြေအနေများကိုပါ ဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။
စီဟာဆက်သည် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီးနောက် စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီအစိုးရအဖြစ် ကူးပြောင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် အာဆီယံခေါင်းဆောင် ဖြစ်လာမည်ဖြစ်သည်။
စီဟာဆက်၏ ခရီးစဉ်သည် သင်္ကြန်ကာလအတွင်း နိုင်ငံတော်သမ္မတသစ်ဦးမင်းအောင်လှိုင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှုတွင် အဂတိလိုက်စားမှုများ မဲမသမာမှုများဖြင့် ထောင်ဒဏ်နှစ်ရှည်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်များကို ငဲ့ညှာလျှော့ပေါ့ပေးလိုက်သည့် အချိန်နှင့်တိုက်ဆိုင်နေသည်။
ထို့အပြင် NLD လက်ထက် သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသားပေါင်း ၄,၃၃၅ ဦးကိုလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ငဲ့ညှာသနားမှုဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်းလည်း သိရသည်။
အာဆီယံအနေဖြင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုသည်ဟု ထုတ်ပြန်လာခြင်း မရှိသေးသော်လည်း စီဟာဆက်၏ ယခုခရီးစဉ်သည် ထိုင်းနိုင်ငံအနေဖြင့် မြန်မာအစိုးရသစ်ကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်းနှင့် အလားတူသည်ဟု ရှုမြင်နိုင်မည်ဖြစ်သည်။
