Official portrait of President Donald J. Trump, Friday, October 6, 2017. (Official White House photo by Shealah Craighead)
၂၂.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အစောပိုင်းတွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ဧပြီလ ၂၂ ရက်၌ သက်တမ်းကုန်ဆုံးမည့် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့လိုခြင်းမရှိကြောင်း ပြောကြားခဲ့သော်လည်း ဧပြီလ ၂၁ ရက်ကမူ အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ခဲ့ပြီး စစ်ပွဲကို အပြီးတိုင်အဆုံးသတ်မည့် အဆိုပြုချက်ကို တင်သွင်းမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။
ထရမ့်ပ်က ဆွေးနွေးပွဲများ ပြီးဆုံးသည်အထိ အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ လူမှုမီဒီယာ Truth Social ပို့စ်တစ်ခုတွင် သမ္မတက အီရန်အစိုးရသည် ပြင်းထန်စွာ ပြိုကွဲနေသောကြောင့် တိုးချဲ့ခြင်းဖြစ်ကြောင်းနှင့် ပါကစ္စတန်အရာရှိများကလည်း ယင်းသို့ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းက အမေရိကန်အနေဖြင် အီရန် ဆိပ်ကမ်းများသို့ သင်္ဘောဝင်ထွက်ခွင့်များကိုမူ ဆက်လက်ပိတ်ဆို့ထားမည်ဟုလည်း ပြောကြားခဲ့သည်။
ဧပြီလ ၂၁ ရက် အစောပိုင်းကပင် ထရမ့်ပ်က ရုပ်မြင်သံကြားတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နောက်ဆုံးရက်မတိုင်မီ အပစ်အခတ်ရပ်စဲရေးကို တိုးချဲ့ရန် သဘောတူညီချက်မရရှိပါက အီရန်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည်စတင်ရန် ၎င်းအနေနှင့် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သေးသည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်၏ အကြီးတန်းအကြံပေး မာဒီ မိုဟာမာဒီကမူ ထရမ့်ပ်၏ ကြေညာချက်ကို အဓိပ္ပာယ်မရှိကြောင်းနှင့် အီရန်အစိုးရက စစ်ရေးအရ တုံ့ပြန်သင့်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ဂါလီဘတ်ဖ်က အစ္စလမ်မာဘတ်မြို့တွင် အမေရိကန်နှင့် ပထမအကျော့ ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့ပြီး ဒုတိယအကျော့ ဆွေးနွေးပွဲအတွက် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်နှင့်အတူ တက်ရောက်ရန် မျှော်လင့်ရသည်။
သို့သော် ထရမ့်ပ်၏ ကြေညာချက်အပြီးတွင် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်၏ အီရန်နှင့် ဆွေးနွေးပွဲများကို ဦးဆောင်ရန် အစ္စလမ်မာဘတ်သို့ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
Ref-CNN
