
၂၂. ၄. ၂၀၂၆
Written by Nyein Kyaw
အစိုးရတာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများ မြှင့်တင်ပေးသွားရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်တွင်းလုံခြုံရေးနှင့် ပဋိပက္ခနှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့သည်ကို တွေ့မြင်ရကြောင်း၊ စနစ်တကျ လေ့ကျင့်ဆောင်ရွက်ပေးသွားမည်ဆိုပါက ရဲတပ်ဖွဲဝင်များ၏ စွမ်းပကားများ ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တပ်မတော်သားများနှင့် ရဲတပ်ဖွဲဝင်များ၏ အင်အားတည်ဆောက်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ယခုမိမိတို့ တာဝန်ထမ်းဆောင်ချိန် ၅ နှစ်တာကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စွမ်းရည်နှင့်စွမ်းအားများ မြှင့်တင်ပေးသွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ အုပ်ချုပ်ရေးအဖွဲအစည်းများနှင့် ပတ်သက်၍ ပြည်သူများနှင့် အဓိကထိတွေ့ ဆောင်ရွက်လျက်ရှိသည့် ရပ်ကွက်ကျေးရွာအဆင့်၊ မြို့နယ်အဆင့်များ၌ တာဝန်ယူထားရသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများအနေဖြင့်လည်း နိုင်ငံတော်မှချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ အုပ်ချုပ်ရေးအခြေခံ သဘောတရားများကို သိရှိနားလည်သော စွမ်းရည်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများဖြစ်ကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အဂတိများကင်းရှင်းရန်လိုကြောင်း၊ ထို့ကြောင့် စွမ်းရည်ရှိသည့်အုပ်ချုပ်ရေးအဖွဲ့များဖြစ်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ပေးသွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တက်ရောက်လာကြသူများက ဆွေနွေးတင်ပြရာတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အရည်အချင်းရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ဖြစ်ပေါ်လာစေရေး၊ စီမံခန့်ခွဲမှုစွမ်းရည်များ တိုးတက်ကောင်းမွန်စေရေးတို့အတွက် စွမ်းရည်မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ်မှုတို့ကို ဆွေးနွေးတင်ပြခဲ့သည်။
