

၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
ငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပမည်ဖြစ်၍ EAO များ ယနေ့မှစ၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်ရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီမှ ကြေညာချက်အမှတ် (၁/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာထားည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်အထူးလိုအပ်သည်ဟု ယုံကြည်သည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များ မထားသည့်ဆွေးနွေးပွဲများကို အောက်ပါအစီအစဉ်များအတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ဖိတ်ခေါ်ထားသည်။
ယင်းသို့ ကျင်းပပြုလုပ်ရာတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ NCA ပါ သဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အထိ အတူတကွ ပူးတွဲအကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးရန်ဖြစ်သည်။
NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီထားသည့် သဘောတူညီချက်များအတိုင်း နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြရန်ဖြစ်သည်။
NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု (Political Dialogue) များ ပြန်လည် လုပ်ဆောင်ရန်ဖြစ်သည်။
ထို့ကြောင့် ယနေ့မှစ၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
အလားတူ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွားနှင့် ငြိမ်းချမ်းရေးဆန္ဒကိုရှေးရှုပြီး နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်နှင့် ထိရောက်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ Stakeholder များမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအပ်ကြောင်း အသိပေးထားသည်။
