
၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်တွင်းလောင်စာဆီ အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး လိုအပ်သည့် လောင်စာဆီနှင့် သွင်းအားစုများရရှိနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်း ဖြည့်တင်းထားရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ၏ ရှေ့မှောက်၌ အဆင့်မီမီကျင်းပနိုင်ခဲ့ပြီး ပေါ်ထွက်လာခဲ့သည့် ဒီမိုကရေစီအစိုးရတစ်ရပ်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းများနှင့် ပဋိပက္ခများကြောင့် နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာတွင် လောင်စာဆီအခက်အခဲများ ကြုံတွေ့ရလျက်ရှိသကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့အတွက် မိမိတို့နိုင်ငံအနေဖြင့်လည်း ပြည်တွင်းလောင်စာဆီ အခက်အခဲ၊ အကျပ်အတည်းများကို ဖြေရှင်းပေးနိုင်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် လိုအပ်သည့် လောင်စာဆီနှင့်သွင်းအားစုများ ရရှိနိုင်ရေး နည်းလမ်းမျိုးစုံဖြင့် ကြိုတင်စုဆောင်းဖြည့်တင်းထားရှိရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
