
◾️ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်တွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအချက်များကို အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိ
၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
အာဆီယံအဖွဲ့အတွင်း အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ကျင်းပသည့် အစိုးရသစ်၏ ပထမဆုံးသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
အာဆီယံနှင့်ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု မိမိသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည့်အချိန်က မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားထားပြီးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ပါ အချက်များတွင် ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များနှင့် အခြားအချက်များကို မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
လူမှုကွန်ရက်တွင် ဖော်ပြထားသည့် မှားယွင်းသော သတင်းအချက်အလက်များကိုအခြေခံပြီး မိမိတို့အပေါ် ဖိအားပေးလုပ်ဆောင်နေခြင်းများလည်းရှိကြောင်း၊ အချို့အာဆီယံအဖွဲ့ဝင်နိုင်ငံများက ပြင်ဆင်လိုကြသည်များလည်းရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
တက်ရောက်လာကြသူများက ဆွေနွေးတင်ပြရာတွင် ဒုတိယသမ္မတ ဦးညိုစောက အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း ငြိမ်းချမ်းမှုရရှိရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ အာဆီယံအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်လျက်ရှိမှုနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်သည့် သဘောထားအမြင်များ ပြောင်းလဲထားရှိလာမှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
