◾️ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးတက်စေရေး ဆွေးနွေး

၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီ အတွင်းရေးမှူး H.E. Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှည်ကြာကောင်းမွန်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်လျက်ရှိမှုအခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံနှင့် ဟေလုံကျန်းပြည်နယ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ခဲ့မှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊ လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
အလားတူ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေး နှစ်နိုင်ငံအကြား လယ်ယာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးနည်းပညာများတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခြေအနေများ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများတိုးတက်စေရေး မြန်မာ-တရုတ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအသင်း (MCITP) မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တရုတ်နိုင်ငံ ဟာဘင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို ညီအစ်မမြို့များအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူသမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ်တို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးခဲ့ကြသည်။
