


◾️ အချို့ EAO အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများမှ နှစ်ဖက်သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်
◾️ အချို့ EAO အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည်များရှိပြီး အချို့ EAO အဖွဲ့များမှာ ၎င်းတို့၏အကျိုးအတွက် လက်နက်ကိုင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
၂၁. ၄. ၂၀၂၆
Written by Nyein Kyaw
အစိုးရသစ်၏ ပထမဆုံးသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်တို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကားပြောကြားရာတွင် ယခုအစည်းအဝေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဆုံး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကျင်းပပြုလုပ်စဉ် မိမိအနေဖြင့် ပြောကြားခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။
ယခုအခါ မိမိတို့အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီ စနစ်နှင့်အညီ ဆက်လက်လျှောက်လှမ်းလျှက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ ပါဝင်လာရေး ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အလားတူ EAO အဖွဲ့များနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များရှိသကဲ့သို့ လက်မှတ်ရေးထိုးခြင်းမပြုရသေးသည့် အဖွဲ့များလည်းရှိကြောင်း၊ ပြီးခဲ့သည့် ကာလများအတွင်း မိမိတို့နှင့် အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ပြီး နှစ်ဖက်သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးအတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုသည်များရှိပြီး အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ၎င်းတို့၏အကျိုးအတွက် လက်နက်ကိုင်၍ ဆောင်ရွက်နေခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံတော်သမ္မတ၏ ဖိတ်ခေါ်ထားရှိမှုနှင့်ပတ်သက်၍ လွှတ်တော်စင်မြင့်တွင် ထည့်သွင်းဆွေးနွေးသွားမည့်အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများ ဆွေးနွေးတင်ပြခဲ့သည်။ အလားတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် အာဆီယံလွှတ်တော်အချင်းချင်း တွေ့ဆုံဆွေးနွေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို လည်းကောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက နယ်မြေဒေသအလိုက် စစ်ဆင်ရေး၊ လုံခြုံရေး၊ နယ်မြေစိုးမိုးရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်မှု အခြေအနေများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ဝင်များအနေဖြင့် ဥပဒေဘောင်အတွင်းသို စဉ်ဆက်မပြတ် ဝင်ရောက်လာနေမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့သည်။
