၂၈. ၂. ၂၀၂၃
Written by Nyein Kyaw

ယနေ့ နေ့လည်တွင် သန်လျင်တံတားပေါ်ရှိ CNG ပိုက်လိုင်းဘေးမှ မီးရထားဇလီဖာတုံး မီးလောင်ခဲ့ပြီး တံတားပေါ်ဖြတ်မောင်းလာသည့် ရေသန့်ကားမှ ရေသန့်ဘူးများဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်တွင် သာကေတမြို့နယ်နှင့် သန်လျင်မြို့ကို ဆက်သွယ်ထားသည့် သန်လျင်တံတားအဟောင်းပေါ်၌ CNG ပိုက်လုံးဘေး မီးရထားဇလီဖာတုံး မီးစွဲလောင်မှုဖြစ်ပွားခဲ့သဖြင့် တံတားပေါ်ဖြတ်မောင်းလာသည့် ရေသန့်ကားမှ ရေသန့်ဘူးများဖြင့် မီးငြှိမ်းသတ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံလောင်ကျွမ်းမှုမပေါ်စေရန် မီးသတ်တပ်ဖွဲ့များထံအကြောင်းကြားကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မင်္ဂလာတောင်ညွန်လူမှုကူညီရေးအသင်းမှ သိရသည်။

“အဲဒီကနေ ဖြတ်သွားရင်းနဲ့ မီးလောင်နေတာတွေ့လို့ ဝင်ငြှိမ်းတာပေါ့နော်။ အဲလိုလုပ်နေရင်းကနေ ထပ်ပြီးလောင်သွားမှာစိုးလို့ မီးသတ်ကို အကြောင်းကြားတယ်။ မီးသတ်နဲ့ ပူးပေါင်းပြီး ထပ်ငြှိမ်းခဲ့တာ။ ဖြစ်တာက နေ့လည် ၁၂ နာရီ ၅ မိနစ်လောက်ကဖြစ်တာ” ဟု မင်္ဂလာတောင်ညွန့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် မီးလောင်မှုကို အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များကလည်း ထပ်မံလောင်ကျွမ်းမှုမရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *