ဓာတ်ပုံ- ဘဲမွေးမြူရေးနှင့် ရောင်းဝယ်ရေး လူမှုကွန်ယက်စာမျက်နှာ

၂၈. ၂.၂၀၂၃
Written by Nyein Kyaw

ပြည်တွင်း၌ ဆန်ကွဲဈေးကြီးမြင့်ခြင်း၊ အခြားအစာဈေးနှုန်းများ ကြီးမြင့်လာမှုကြောင့် ဘဲဥအထွက်နှုန်းနှင့် တွက်ခြေမကိုက်တော့သဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘဲမွေးမြူရေးလုပ်ငန်းအချို့ ဆက်လက်မရပ်တည်နိုင်ဘဲ လုပ်ငန်းများရပ်နားခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘဲမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။

“ရှိတဲ့ဘဲတွေအကုန်ထုတ်လိုက်တာ အစာဈေးတွေမကိုက်တာနဲ့ ဘဲဥထွက်နှုန်းသိပ်မကိုက်တာနဲ့ ဘဲမွေးတာဖြုတ်လိုက်ပါပြီ။ ဆန်ကွဲဈေးတွေကလည်း အဆမတန်တက်တော့လေ။ ကုမ္ပဏီကထုတ်တဲ့ CP အစာကလည်း ဈေးအဆမတန်တက်သွားတော့ အဲဒါနဲ့သိပ်မကိုက်တော့လို့ ဘဲမွေးမြူရေးလုပ်ငန်းကို ရပ်လိုက်ပါတယ်။ အခြားသူတွေကတော့ ရပ်တဲ့သူတွေလည်း တော်တော်ရပ်ကြတယ်။ အရမ်းအကြီးစားမွေးတဲ့သူလောက်ပဲ တွက်ခြေကိုက်တာ” ဟု ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှ ဘဲခြံပိုင်ရှင် ဦး‌အောင်သူရရွှေဘုန်းက ပြောသည်။

ဘဲများမွေးမြူရာတွင် ခြံနှင့် အလွတ်ကျောင်း စနစ် နှစ်မျိုးဖြင့် မွေးမြူလျက်ရှိပြီး မွေးမြူသည့်ဘဲအရေအတွက်၏ ပျှမ်းမျှ ၆၅ ရာခိုင်နှုန်းခန့်သာ ဘဲဥထွက်ရှိကြောင်း၊ ထို့ကြောင့် လက်ရှိအစာဈေးနှုန်းနှင့် ဆန်ကွဲဈေးများ မြင့်တက်လာသည့်အချိန်တွင် ဘဲမွေးမြူရေးလုပ်ငန်းများမှာ ထွက်ရှိသည့် ဘဲဥအရေအတွက်နှင့် တွက်ခြေကိုက်မှုမရှိကြောင်း သိရသည်။

“ဘဲက တစ်နှစ်ပတ်လုံးမှာ တက်လိုက်ကျလိုက် အတောင်ချလိုဘာလိုနဲ့ဆို ၆၀ နဲ့ ၆၅ ရာခိုင်နှုန်းလောက်ပဲ ဥတဲ့နှုန်းရှိတော့လေ။ အကောင်ရေ ခြောက်ထောင်မွေးတဲ့သူဆို တစ်ရက်ကို ဘဲဥကအလုံးရေ ၃၅၀၀ နဲ့ ၄၀၀၀ လောက်ထွက်တယ်။ ဒါကတစ်နှစ်ပတ်လုံးရဲ့ တစ်ရက်စာပျှမ်းမျှပေါ့။ ရက်အလိုက် တချို့ရက်တွေဆိုရင် ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက် ဥတဲ့ရက်တွေရှိတယ်။ တစ်နှစ်ပတ်လုံးချုပ်လိုက်ရင် မွေးထားတဲ့အကောင်ရေရဲ့ ၆၀နဲ့ ၆၅ ရာခိုင်နှုန်းလောက်ထွက်တာ‌ပေါ့” ဟု ၎င်းက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် ဘဲဥတစ်လုံးကို ကျပ် ၂၀၀ မှ ကျပ် ၃၅၀ အကြားရှိပြီး ဘဲဥနှင့် ကြက်ဥနှိင်းယှဉ်လျှင် ကြက်ဥကို စာသုံးမှုပိုများကြောင်း ကြက်ဥ၊ဘဲဥ ရောင်းချသူများထံမှ သိရသည်။

ပြည်တွင်း မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲများရှိနေပြီး မွေးမြူ‌ရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့်ကုန်ကြမ်းများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးထံ ဖေဖော်ဝါရီ ၂၅ ရက်က တင်ပြခဲ့သည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲရှိကြောင်း၊ ဆန်ကွဲတိုပြောင်းတိုသည် B Grade ဖြစ်သည့်အတွက် ဈေးကောင်းရကြောင်း၊ မွေးမြူရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့်ကုန်ကြမ်းများအတွက် ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များက တောင်ဆိုခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်၌ ဆန်သားချောမှထွက်ရှိသည့် ဆန်ကွဲများသည် အခြားသောဆန်ကြမ်းဈေးနှုန်းနှင့် ဈေးနှုန်းအတူတူဖြစ်နေပြီး လက်ရှိတွင် ဆန်ကွဲတစ်အိတ်ကို ကျပ် ၄၆,၀၀၀ အထိရှိကြောင်း ပြည်တွင်းဆန်နှင့် ဆန်ကွဲရောင်းချသူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News