၂၈. ၂. ၂၀၂၃
Written by Nay Aung

စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယမ် ဘလာကရစ်ချ်နန်က မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကိစ္စများကို ပြည်ပနိုင်ငံများမှ ကြားဝင်စွက်ဖက်၍ ရနိုင်မည်ဟု မယုံကြည်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင်ပါဝင်နေသော အဓိက အဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်မှုများမရှိပါက ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးသည် ပြီးခဲ့သောရက်ပိုင်းက စင်ကာပူလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ ၏မေးခွန်းကို လာရောက်တင်ပြချိန်အတွင်း မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ” မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေဟာ ပြည်သူတွေရဲ့အနာဂတ်အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရိုးသားကောင်းမွန်တဲ့ ဆွေးနွေးမှုတွေ မလုပ်ဆောင်နိုင်ဘူးဆိုရင် ပြသာနာတွေကို ဖြေရှင်းနိုင်မှာမဟုတ်ဘူး”ဟုဆိုသည်။

အာဆီယံအဖွဲ့အနေဖြင့် အာဏာထိန်းသိမ်းမှုကို သဘောမတူသလို မြန်မာနိုင်ငံကို လက်ရှိတာဝန်ယူနေသောနစကကို အသိအမှတ်မပြုသော်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ရန် လိုင်စင်မရထားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

စင်ကာပူနိုင်ငံအနေဖြင့် အာဏာထိန်းသိမ်းမှုကို လက်မခံသလို နိုင်ငံခြားရေးဝန်ကြီးများအဆင့်တွေ့ဆုံပွဲတွင် နစက၏ နိုင်ငံခြားရေးဝန်ကြီးကို ကိုယ်စားပြုခွင့်မပေးသော်လည်း စေ့စပ်ဆွေးနွေးမှုများ၊ အဆက်အသွယ်များလုံးဝ မရှိတော့ဟုမှတ်ယူလို့မရနိုင်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သောနှစ်က ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သော နစကဝန်ကြီးများပါဝင်သော အစည်းအဝေးသည် အာဆီယံ၏အစည်းအဝေးမျိုးမဟုတ်ကြောင်း၊ အဆိုပါအစည်းအဝေးပွဲက ထိုင်းနိုင်ငံနှင့် နစကကြား အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲမျိုးသာဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောသည်။

မြန်မာ့နိုင်ငံရေးပြဿနာမှာ အလွန်ခက်ခဲရှုပ်ထွေးပြီး ပြဿနာများကိုဖြေရှင်းနိုင်ရန် အချိန်ဘယ်လောက်ကြာမည်လဲဆိုသောအချက်ကို မသိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ မြန်မာနိုင်ငံတွင် တရားဝင်အစိုးရတစ်ရပ်ရှိလာချိန်တွင်စင်ကာပူနိုင်ငံအနေဖြင့် အသိမှတ်ပြုသွားမည်ဖြစ်ပြီး သဘောတူညီမှုများကို လက်မှတ်ရေးထိုးသွားမည်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ref — mothership.sg

Leave a Reply

Your email address will not be published. Required fields are marked *

Related News