


နေမိုး
၁၅. ၄. ၂၀၂၆
သားအဖနှစ်ဦးအပါအဝင် အမျိုးသားသုံးဦးကို အကြမ်းဖက် KNU နှင့် PDF တို့က ပစ်ခတ်သတ်ဖြတ်မှုကြောင့် နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အကြမ်းဖက် KNU နှင့် NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာနေ ဦးဝင်းသန်း(ခ) ခေါင်းဖြူ(၆၅)နှစ်သည် ကျေးရွာ အနီးရှိ လယ်တဲ၌ ရှိနေစဉ် KNU နှင့် PDF ပူးပေါင်းအဖွဲ့ (အင်အား သုံးဦး)က ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၈ နာရီတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်နေ ဦးငြိမ်းဦး (၅၀)နှစ်သည် ၎င်း၏သားဖြစ်သူ ကိုရဲလွင်ဦး(၂၄)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF နှစ်ဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးငြိမ်းဦးနှင့် ကိုရဲလွင်ဦးတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ကမာဝက်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးနေစဉ် ကိုရဲလွင်ဦးမှာ ရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
