




နေမိုး
၁၅. ၄. ၂၀၂၆
အပစ်အခတ်ရပ်စဲထားသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရဆဲဖြစ်သည့် တအာင်းပလောင် PSLF/TNLA အဖွဲ့က ဦးမင်းအောင်လှိုင်အစိုးရသစ်အား ကြိုဆိုပါကြောင်း သဝဏ်လွှာပေးပို့ ဂုဏ်ပြုပါကြောင်း ခစားလွှာကို ယနေ့ ထုတ်ပြန်သည်။
PSLF/TNLA ၏ ခစား သဝဏ်လွှာတွင် “၂၀၂၆ ခုနှစ် အေပြီလ ပထမပတ်တွင် ဦးမင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန် ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်။”ဟု ဖော်ပြသည်။
ထို့အပြင် “မိမိတို့ တအာင်းတပ်မတော်(TNLA)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတစ်ဆင့် (၉) ကြိမ်မြောက်ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဖက်အပြန်အလှန်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ် အောက်တို ဘာလ (၂၈) ရက်နေ့တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေဖြင့် မြန်မာ့တပ်မတော်နှင့်အတူ နိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင် ၏ မြန်မာအစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေးကတိကဝတ်များ ကို ဆက်လက်ထိန်းသိမ်းပြီး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားပါကြောင်း ဤသဝဏ်လွှာကို ပေးပို့လိုက်ပါသည်။”ဟုလည်း ယနေ့ မဟာသင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက် ရက်စွဲဖြင့် ပေးပို့သည့် ခစား သဝဏ်လွှာတွင် ဖော်ပြထားသည်။
