



နေမိုး
၁၅. ၄. ၂၀၂၆
မင်းလှမြို့နယ်တွင် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်က ဖြစ်ပွားခဲ့သည့် လှည်းပြင်တင်ရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်သတ်ဖြတ်ခံရမှုအပေါ် ပဲခူး PDF များဖြစ်သည့် Black Tiger အဖွဲ့က ဦးဝင်းဗိုလ်အား ထောက်ခံစာယူမည်ဟု အသွင်ယူ အကြောင်းပြကာ သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း ယနေ့ ဝန်ခံသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ လှည်းပြင်တင်ရွာမကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ် (၅၇) နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF သုံးဦးက ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်သည်။
ကျူးလွန်သည့် ပဲခူး PDF အဖွဲ့ဖြစ်သော သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၂ တပ်ခွဲ ၅ Black Tiger ၏ ဝန်ခံချက်အရ PDF များက ထောက်ခံစာလုပ်ပေးရန်ဆိုကာ အရပ်ဝတ်ဖြင့် အသွင်ယူသွားရောက်ပြီး သေနတ်ဖြင့် ၅ ချက်ပစ်ခတ်၍ သတ်ဖြတ်လိုက်ကြောင်းနှင့် ဓားမြောင် တစ်လက်၊ မိုလ်ဘိုင်းဖုန်း သုံးလုံး၊ မှတ်ပုံတင်ကတ် တစ်ခု၊ ထောက်ခံစာ တစ်ရွက်တို့ လုယက်ခဲ့သည်ဟု ဝန်ခံထားသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များကို နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
