◾ အစ္စရေးနှင့် လက်ဘနွန်တို့အကြား တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်

၁၅.၄.၂၀၂၆
Translated Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က အီရန်နိုင်ငံနှင့် ပထမအကြိမ်ဆွေးနွေးပွဲများ အောင်မြင်မှုမရခဲ့သော်လည်း ပါကစ္စတန်တွင် နောက်နှစ်ရက်အတွင်း ဆွေးနွေးမှုများ ပြန်လည် စတင်နိုင်ကြောင်း ဧပြီလ ၁၄ ရက်က အရိပ်အမြွက် ပြောကြားခဲ့သည်။
အမေရိကန်နှင့် အီရန်တို့အကြား လာမည့်ရက်သတ္တပတ်အတွင်း အပစ်အခတ်ရပ်စဲရေး သက်တမ်း မကုန်ဆုံးမီ ညှိနှိုင်းဆွေးနွေးပွဲတစ်ခုကို အီရန်အရာရှိများနှင့် ဒုတိယအကျော့ပြန်လည်ကျင်းပနိုင် မည်ဆိုပါက ဆွေးနွေးမှုများကို အမေရိကန်ဘက်မှ ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်က ဦးဆောင်မည်ဟု မျှော်လင့်ရကြောင်းဖြင့် CNN သတင်းဌာနကလည်း ဧပြီလ ၁၄ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။
နှစ်ဖက်စလုံးက အီရန်၏ ယူရေနီယမ် သန့်စင်မှုအစီအစဉ်ကို ရပ်ဆိုင်းရန် အဆိုပြုထားသော်လည်း အချိန်ကာလ အတိအကျကို မဆုံးဖြတ်နိုင်သေးကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။ အမေရိကန်ဘက်က အီရန်နိုင်ငံ၏ အဓိက နျူကလီးယား သန့်စင်စက်ရုံများကို ဖျက်သိမ်းပြီး ဟော်မုဇ်ရေလက်ကြားကို ချက်ချင်းပြန်လည်ဖွင့်လှစ်ရန်လည်း လိုလားလျက်ရှိသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးနှင့် လက်ဘနွန်တို့ကလည်း ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် သဘောတူညီခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အစ္စရေးနှင့် လက်ဘနွန်တို့သည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ် တိုက်ရိုက်ဆွေးနွေးမှုများကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာ ဧပြီလ ၁၄ ရက်က ပြုလုပ်ပြီးနောက် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။
ဆွေးနွေးပွဲတွင် အမေရိကန်နှင့်အီရန်အကြား ချုပ်ဆိုထားသော နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ်က လက်ဘနွန်နိုင်ငံလည်း အကျုံးဝင်ကြောင်း အီရန်နှင့်ပါကစ္စတန်တို့က အခိုင်အမာဆိုခဲ့ကြသော်လည်း အမေရိကန်နှင့် အစ္စရေးတို့က ပါဝင်ခြင်းမရှိဟု ငြင်းဆိုခဲ့ကြသည်။
အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရန် ငြင်းဆိုခဲ့ပြီး ယင်းအစား ဟစ်ဇ်ဘိုလာ အဖွဲ့အားလက်နက်ဖျက်သိမ်းရန် လက်ဘနွန်အစိုးရကို ဖိအားပေး တိုက်တွန်းခဲ့ကြောင်း သိရသည်။
Ref- CNN
