




၁၃. ၄. ၂၀၂၆
Written by JM
မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီး၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်ကိုကိုက နှစ်သစ်ဆုတောင်းစကား ပြောကြားရာတွင် မဟာသင်္ကြန်ပွဲတော်သည် မြန်မာတို့၏ တန်ဖိုးမဖြတ်နိုင်သော ရိုးရာယဉ်ကျေးမှုပွဲတော် တစ်ခုဖြစ်သည့်အပြင် တစ်ဦးနှင့် တစ်ဦး ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိလာစေခြင်း၊ မေတ္တာစိတ်ဖြင့် သည်းခံခွင့်လွှတ်ခြင်းများ တိုးပွားလာစေခြင်း၊ ဓလေ့စရိုက်ကောင်းများဖြစ်ထွန်းစေခြင်း စသည့် အနှစ်သာရများနှင့် ကျင်းပသည့် ထူးခြားလေးနက်သော မြန်မာ့ရိုးရာ ပွဲတော်ကြီးဖြစ်သဖြင့် ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသည့် လူမျိုးတွင် မြန်မာလူမျိုးသည် ထိပ်ဆုံးမှ ပါဝင်သည့် အတွက် အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ နှစ်သစ်ကူး အခါသမယတွင် ဘုရားပုထိုး၊ စေတီ၊ တန်ဆောင်း၊ ကျောင်းကန် များသို့ သွားရောက်ပြီး ဥပုသ် သီတင်းသီလ ဆောက်တည်ခြင်း အလှူဒါနပြုခြင်း၊ နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့် ဆေးကြော သန့်စင်ခြင်း၊ မြန်မာ့နှစ်ဆန်းတစ်ရက် နေ့တွင် သံဃာတော် အရှင်သူမြတ်များက ရပ်ကွက်များ၊ လမ်းများအလိုက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်း၊ ရေစက်သွန်းချ အမျှပေးဝေကြခြင်း၊ မိမိထက် အသက်အရွယ်ကြီး၍ ဂါရဝပြု ရိုသေလေးစား ထိုက်သူ သက်ကြီးရွယ်အို အဘိုး၊ အဘွား၊ အနန္တဂိုဏ်းဝင် မိဘ၊ ဆရာသမားများကို ပူဇော်ခြင်း၊ သုခိတာ ဒုက္ခိတာ သတ္တဝါများအား ကြင်နာသနား ကရုဏာပွား၍ ဘေးမဲ့လွှတ်ခြင်း စသည့် နှစ်လိုဖွယ်ရာ ကောင်းမှုကုသိုလ်များကို မြန်မာပြည်သူပြည်သားအားလုံးပြုလုပ်ကြသည့်ပွဲတော်ကြီး လည်းဖြစ်ပါကြောင်း၊ ယခုနှစ် အတာသင်္ကြန်တွင် မြန်မာ့ အမျိုးသားရေး စိတ်ဓာတ် ပေါ်လွင်နိုင်ရေး မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေး သိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုကြောင်း၊ အထူးသဖြင့် လူငယ်များအနေနှင့် မြန်မာ့ရိုးရာ သင်္ကြန်၏ အနှစ်သာရကို မပျောက်ပျက်စေဘဲ ခေတ်နှင့်ဆီလျော်စွာ တစ်ဦးပေါ်တစ်ဦး မေတ္တာထားကာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို စိတ်သစ်လူသစ်ခွန်အားသစ်များဖြင့် ထိန်းသိမ်းစောင့်ရှောက်ရင်း မြန်မာ့ရိုးရာသင်္ကြန်အနှစ်သာရအား မပျောက်ပျက်စေဘဲပျော်ရွှင်စွာရေကစားနိုင်ကြပါစေကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးမြို့၊ လမ်းလျှောက်မဟာသင်္ကြန်ဖွင့်ပွဲအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ နယ်မြေခံ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် ကျင်းပရေး ကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ဝင်များအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသော ဖျော်ဖြေရေးအကအဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ၊ လမ်းလျှောက်သင်္ကြန်မဏ္ဍပ် အတွင်း ရေပတ်ကစားနေမှုများကို လှည်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
