◾️ အခြေခံဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ အဝတ်အထည်၊ ဘိလပ်မြေ၊ အသုံးအဆောင်ပစ္စည်းများကို ဈေးကွက်ဝင် အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ရန်ပါ မှာကြား

၁၃. ၄. ၂၀၂၆
Written by Nyein Kyaw
ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စက်အရန်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူမည့် အစီအမံများကို ယခုဘဏ္ဍာနှစ်အစ၌ပင် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြု အခမ်းအနားတွင် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ လမ်းညွှန်မှာကြာမှုများအား ဝန်ကြီးဌာနအတွင်း ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ချိန်တွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူများအတွက် လိုအပ်သော အခြေခံဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဘိလပ်မြေများ၊ အသုံးအဆောင်ပစ္စည်းများကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝင်ပစ္စည်းများဖြစ်စေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အလားတူ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူ၊ စက်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ နည်းစဉ်၊ အရည်အသွေး စသည်တို့ ပြည့်စုံရမည်ဖြစ်သဖြင့် ကြိုတင်အစီအမံများ ရေးဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးတို့အတွက် စက်အရန်ပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများဝယ်ယူရန် ယခုဘဏ္ဍာရေးနှစ် အစမှပင်ဝယ်ယူမည့်အစီအမံများ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြီးခဲ့သည့် မတ်လအတွင်း မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ခိုင်မာစွာတိုးတက်မှုရရှိခဲ့ပြီး ပို၍မြင့်တက်လာခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သည့် ၂၀၂၆ ခုနှစ် မတ်လအတွက် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။
သို့သော်လည်း ဝယ်လိုအားသည် အမှန်တကယ် အထိမခံဖြစ်နေဆဲဖြစ်ပြီး ထပ်တလဲလဲဖြစ်နေသည့် မြင့်မားသည့်ဝယ်ယူမှု ကုန်ကျစရိတ်များက တိုးတက်မှုအရှိန်အဟုန်ကို လျော့သွားစေမည့် အန္တရာယ်ရှိသကဲ့သို့ လတ်တလော ရရှိထားခြင်းများကို ပြောင်းပြန်ဖြစ်စေနိုင်ကြောင်းလည်း သုံးသပ်ထားသည်။
