၂၈. ၂. ၂၀၂၃
Written By Thandar

ပရိသတ်တွေနဲ့ အနည်းငယ် အလှမ်းဝေးသလိုဖြစ်ခဲ့တဲ့ သရုပ်ဆောင် ရတနာဗိုလ်ကတော့ တစ်ခါမိုက် ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမက အနေအေးတဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ အပတ်တိုင်း ပွဲတွေရှိပေမယ့် ကိုယ့်ကတော့ ပွဲမရှာတတ်ဘူး စပ်စုတဲ့အဖွဲ့ကပါပဲ လို့ ဆိုပါတယ်။

“တစ်ခါမိုက်” ဇာတ်ကားတွဲမှာ ပါဝင်ခွင့်ရလို့လည်း ဝမ်းလည်းသာပါတယ်။ ကိုဟိန်းဝေယံတို့ရဲ့ ပထမဆုံး Series လည်းဖြစ်တယ်။ ဗိုလ်ကို ရိုးရိုးအေးအေးလေး အမှန်တရားဘက်က ရပ်တည်တဲ့ ရှေ့နေ့မလေးတစ်ယောက်အနေနဲ့ ပရိသတ်တွေ့ရမှာပါ။ ဇာတ်ကောင်တွေ အားလုံးကလည်း လုပ်ကွက်တွေ အများကြီးရတယ်။ ဇာတ်ရုပ်တွေကမျှပြီး ဒရာမာဘက်လေးသွားတာမို့ အမှတ်တရတွေက အများကြီးပဲ။ ရိုးရိုးအေးအေး ကာရိုက်တာဖြစ်အောင် ဖန်တီးရတာလည်း ပညာသားပါပါတယ်”လို့ သရုပ်ဆောင် ရတနာဗိုလ်က ပြောပါတယ်။

ဟိန်းဝေယံနဲ့အတူ “ရတနာပုံ”ဇာတ်လမ်းတွဲမှာ ပထမအကြိမ်ဆုံခဲ့ပြီး “တခါမိုက်” ဇာတ်လမ်းတွဲကတော့ ဒုတိယအကြိမ်ပြန်ဆုံတဲ့ ဇာတ်လမ်းတွဲလို့လည်း သိရပါတယ်။ တစ်ခါမိုက် ဇာတ်လမ်းတွဲမှာ အပိုင်း ၁၀ ပိုင်းပါဝင်ပြီး Location ကို ရန်ကုန်မြို့နယ်ဝန်းကျင်မှာ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ သူမကတော့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် စျေးသည်ကာရိုက်တာ၊ အတိုးချေးစားတဲ့သူကာရိုက်တာ၊ ဗီလိန်ကာရိုက်တာတွေကို အကောင်းဆုံးပုံဖော် ကြည့်ချင်တယ်လို့ ဆိုပါတယ်။

“ဗိုလ် ဒီဇာတ်ကားလေး ကမ်းလှမ်းတော့လေ တကယ်ဆိုရင် ဗိုလ်က လိမ္မာတာတွေ အရမ်းများနေတော့ နည်းနည်းဆိုးချင်တယ်။ ဒီကားထဲမှာ နည်းနည်းဆိုးချင်တယ်လို့တောင် အစ်ကို့ကိုပြောဖြစ်တယ်။ ဗိုလ်က နောက်ပိုင်းမှာ ဗီလိန်တွေ ဗန့်လေးတွေလုပ်ချင်တယ်။ ကိုယ့်ကာရိုက်တာ လိမ္မာတဲ့ ရှေ့နေမလေးဆိုတော့လေ။ အစ်ကိုကလည်း လိုက်တယ်ပြောလို့ ဗိုလ် လက်ခံဖြစ်သွားတာပါ။ အနုပညာသက်တမ်း တစ်လျှောက် အေးအေးလေး ဇာတ်ရုပ်တွေများတော့ နည်းနည်းဆိုးကြည့်ချင်လာတယ်။ အခုနောက်ပိုင်း ဇာတ်လေးသေသေချာချာ ရွေးချယ်ဖြစ်လာတယ်။ အကျင့်ယုတ်တာတို့ နည်းနည်းလောင်မယ့် ကာရိုက်တာတွေ ရိုက်ကြည့်ချင်တယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်လို့ ဗိုလ်ကတော့ ကာရိုက်တာတိုင်းတော့ လုပ်ကြည့်ချင်ပါတယ်။ အနုပညာသမားမို့ ဗီလိန်ဆန်ဆန်၊ ဗန့်ဆန်ဆန် အဲဒီလိုရိုက်ကြည့်ချင်တယ်။ ဗိုလ်က အပြင်မှာ အနေအေးတာမို့ ပြဿနာလည်း သိပ်မဖြစ်တတ်ဘူး။ ပွဲလည်း မရှာတတ်ပါဘူး။ ပွဲဖြစ်မှာလည်း ကြောက်တယ် Facebookပေါ်မှာပဲဖြစ်ဖြစ် မီဒီယာပေါ်ဖြစ်ဖြစ် ပွဲမရှာဘူး။ ကိုယ့်လာ ပွဲရှာရင်လည်း ရှောင်နေတတ်တဲ့သူပါ။ ဆိုရှယ်မီဒီယာမှာ အပတ်တိုင်းပွဲတွေ ဖြစ်နေတော့ ကိုယ့်ကတော့ စပ်စုတဲ့အဖွဲ့ကပေါ့ ဝင်ကြည့်ပြီးဘာမှ မပြောဘူး”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News