





၁၂.၄.၂၀၂၆
Written by Linn Eain
ရခိုင်ရိုးရာသင်္ကြန် နံ့သာသွေးပွဲကို ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်၊ အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ဧပြီ ၁၂ ရက်၊ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့ပြီး နံ့သာသွေးကုသိုလ်ပြုသူအင်အား ၇၀ ဦးခန့်ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါနံ့သာသွေးပွဲမှ ရရှိလာသည့် နံ့သာရည်များဖြင့် ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)၊ နံနက် ၉ နာရီတွင် ဘုရားရေသပ္ပါယ်ကာ ကုသိုလ်ပြုကြမည်ဖြစ်ပြီး အဆိုပါနံ့သာသွေးပွဲကို ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ရိုးရာသင်္ကြန်ပွဲတော် မကျင်းပမီ ယဉ်ကျေးမှုအစဉ်အလာအရ နံ့သာသွေးပွဲကျင်းပပြီး ဘုရား၊ ကျောင်းကန်များသို့ သွားရောက်၍ ဗုဒ္ဓဆင်းတုတော်များကို ဆေးကြောကာ အမွှေးနံ့သာများဖြင့် ရေ သပ္ပာယ်ခြင်း၊ ရောင်ခြည်တော်ဖွင့်ခြင်း စသည်ဖြင့် ကုသိုလ်ယူလေ့ရှိကြသည်။
ရိုးရာသင်္ကြန်ပွဲတော်ပြီးနောက် နှစ်ဆန်း တစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲနှင့် ဆရာ ကန်တော့ပွဲတို့ကိုလည်း အစဉ်အလာမပျက် ကျင်းပကြသည်။ ရပ်ကွက်၊ ကျေးရွာများ၌ သင်္ကြန်မကျမီ အများအားဖြင့် သင်္ကြန် အကြိုနေ့ညတွင် ရပ်ဓလေ့၊ ရွာဓလေ့အတိုင်း ဘုရားရေသပ္ပာယ်ရန် နံ့သာဖြူ၊ နံ့သာနီ၊ ကရမက် စသည့် အမွေးနံ့သာများကို တပျော်တပါးသွေးကြပြီး ရိုးရာအစဉ်အလာမပျက် ဘုရားရေသပ္ပာယ်ပြီးမှ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။
ရခိုင်နံ့သာသွေးပွဲ ဖြစ်ပေါ် လာရခြင်းမှာ စန္ဒာသူရိယ ဘုရင်မင်းမြတ်၏ လျှောက်ထားတောင်းပန်ချက်အရ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သက္ကရာဇ် ၁၂၃ ခုနှစ် ကဆုန်လပြည့်ကျော် ၁ ရက်နေ့တွင် သွန်းလုပ်ပြီးစီးပြီးနောက် ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ဘုရင်၊ မိဖုရားနှင့်တကွ မှူးမတ် ပြည်သူအပေါင်းတို့က အမွေးနံ့သာရည်များဖြင့် ပက်ဖျန်းရာမှ နံ့သာသွေးပွဲ စတင်ဖြစ်လာရသည်ဟု အဆိုရှိကြောင်း သိရသည်။
