
သက်တံ့
၁၂. ၄. ၂၀၂၆
ကမ္ဘာ့အရေးအပါဆုံး ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပစ်မှတ်ထားသည့် ကျယ်ပြန့်သော ရေတပ်စစ်ဆင်ရေးတစ်ခု ပြုလုပ်တော့မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ဒ် ထရမ့်ပ်က ကြေညာလိုက်ရာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာမည့် အန္တရာယ်ရှိနေသည်။
”အခုချက်ချင်းပဲ အကျိုးသက်ရောက်စေရမယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ အမေရိကန်ရေတပ်ဟာ ဟော်မုဇ်ရေလက်ကြားထဲကို ဝင်ဖို့ ဒါမှမဟုတ် ထွက်ဖို့ ကြိုးစားတဲ့ ဘယ်သင်္ဘောကိုမဆို ပိတ်ဆို့တဲ့ လုပ်ငန်းစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်” ဟု ထရမ့်ပ်က ယနေ့ (တနင်္ဂနွေနေ့) တွင် လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ “တစ်ချိန်ချိန်မှာတော့ ကျွန်ုပ်တို့ဟာ ‘အားလုံးကို အဝင်အထွက်ပေးမယ်’ ဆိုတဲ့ အခြေခံအနေအထားကို ရောက်ရှိသွားပါလိမ့်မယ်” ဟု ဆိုခဲ့သလို၊ အီရန်နိုင်ငံသို့ လမ်းကြောင်းအသုံးပြုခ (Toll) ပေးဆောင်ထားသည့် နိုင်ငံတကာရေပိုင်နက်အတွင်းရှိ လူမိုက်အားပေး သင်္ဘောတိုင်းကို “ရှာဖွေပြီး ကြားဖြတ်တားဆီးရန်” အမေရိကန်ရေတပ်ကို ညွှန်ကြားထားကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။
”တရားမဝင် လမ်းကြောင်းခ ပေးဆောင်ထားသူ ဘယ်သူမဆို ပင်လယ်ပြင်မှာ ဘေးကင်းလုံခြုံစွာ သွားလာခွင့်ရမှာမဟုတ်ဘူး။ အီရန်က ရေလက်ကြားထဲမှာ ချထားတဲ့ ရေမိုင်းတွေကိုလည်း ကျွန်ုပ်တို့ စတင်ဖျက်ဆီးတော့မယ်။ ကျွန်ုပ်တို့ကိုဖြစ်စေ၊ ငြိမ်းချမ်းစွာ သွားလာနေတဲ့ သင်္ဘောတွေကိုဖြစ်စေ ပစ်ခတ်တဲ့ ဘယ်အီရန်လူမျိုးမဆို ငရဲရောက်သွားစေရမယ်” ဟုလည်း ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်နှင့် အီရန်တို့ကြား ပါကစ္စတန်နိုင်ငံတွင် ၂၁ နာရီကြာ ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုတစ်စုံတစ်ရာ မရရှိဘဲ ပြီးဆုံးသွားပြီးနောက် ထွက်ပေါ်လာသည့် ထရမ့်ပ်၏ ထုတ်ပြန်ချက်များစွာထဲတွင် ယခုကြေညာချက်လည်း ပါဝင်နေခြင်းဖြစ်သည်။
ယခုကဲ့သို့ ဆွေးနွေးပွဲ ပျက်ပြားသွားခြင်းကြောင့် အမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့ရာမှ အစပြုကာ တစ်လကျော်ကြာ ပြင်းထန်လာခဲ့သည့် ပဋိပက္ခများကို ရပ်တန့်ပေးထားသော အပစ်အခတ်ရပ်စဲရေး၏ အနာဂတ်အပေါ် သံသယများ မြင့်တက်လာစေခဲ့သည်။
Ref: SCMP
