




၁၂. ၄. ၂၀၂၆
Written by JM
၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်အတာသင်္ကြန်ရေသဘင်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၁၃၈၇ ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်ကိုကိုနှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ၁၃၈၇-ခုနှစ် လမ်းလျှောက်အတာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက် အတာသင်္ကြန် ပွဲတော်ကို မကွေးမြို့၊ကမ်းနားလမ်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ဆပ်ကော်မတီများဖွဲ့စည်းတာဝန်ပေးအပ်ထားရှိပြီးဖြစ်ပါကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၏အခက်အခဲများအပေါ် တင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်ကို စက်သုံးဆီချွေတာရန် ဧရာဝတီမြစ်အတွင်းမှ ဆိုလာစနစ်ဖြင့် ရေစုပ်ယူပြီး အသုံးပြုသွားမည်ဖြစ်ကြောင်း၊သန့်ရှင်းသောရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနမှ ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း၊ ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက်ပိုမို၍ စည်ကားစွာကျင်းပနိုင်ရေးနှင့် အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်နှင့် သင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစွာဆင်နွဲနိုင်ရေးအတွက် လုံခြုံရေးအစီအမံများကို အထူးဂရုပြုဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
မကွေးမြို့ ကမ်းနားလမ်းတွင် ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဗဟိုမဏ္ဍပ်(၁)ခုနှင့် ဝန်ကြီးဌာနမဏ္ဍပ် (၅)ခုတို့ပါဝင်ပြီး၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာ မကွေးမြို့၊ ကမ်းနားလမ်း We Love Magway အနီး ဧရာဝတီမြစ်ကမ်းနံဘေး၌ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ဖန်ခါးမြေ ဘိုးဘွားရိပ်သာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွားအတု (အံပုံ) များ တပ်ဆင်ဆောင်ရွက်ပေးခြင်း၊ အသက် (၈၅)နှစ်အထက် ဘိုးဘွားပူဇော်ပွဲတို့အား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
