




၁၁. ၄. ၂၀၂၆
Written by Nyein Kyaw
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPCC) ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ( National Solidarity and Peace – making Working Committee (NSPWC) ) ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မရုံး အမိန့်အမှတ် (၃၇/၂၀၂၆) ဖြင့် ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (NSPWC) ၏ ဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတ ဦးညိုစော၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးဆန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာစိုးဝင်းတို့အပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရခိုင်၊ ရှမ်း စသည့်တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊ မြောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း၊ တြိဂံဒေသ၊ အရှေ့တောင်တိုင်း၊ ကမ်းရိုးတန်း၊ အနောက်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်း စသည့်တိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများ အပါအဝင် အဖွဲ့ဝင် ၃၀ ဦးနှင့် အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့က တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
အထက်ပါ ကော်မတီ၏ လုပ်ငန်းတာဝန်များသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော မဟာဗျူဟာ ချမှတ်ခြင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်များအား ကူညီထောက်ပံ့ခြင်းများအတွက် ပြည်တွင်းပြည်ပအလှူရှင်များ၊ အစိုးရများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းမည့် မူဝါဒများကို အကောင်အထည်ဖော်ရန်လုပ်ငန်းစဉ်များ ချမှတ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။
ထို့အတူ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များတွင် နိုင်ငံတော်၊ တပ်မတော်၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် အကူအညီပေးသော အလှူရှင်အဖွဲ့အစည်းများ၊ နယ်ပယ်အသီးသီးမှ တတ်သိပညာရှင်များ၊ ကျွမ်းကျင်သူများ အဆင်ပြေချောမွေ့စွာပူးပေါင်းပါဝင်နိုင်ရန် လိုအပ်သော မဟာဗျူဟာလုပ်ငန်းစဉ်များ ချမှတ်ပေးခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။
အလားတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုး ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာလာ စေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် အချိန်ဇယားများ သတ်မှတ်ပေးခြင်းနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်မရေးထိုး ရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA တွင် ပါဝင်လက်မှတ် ရေးထိုးလာစေရေးမှတစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် လုပ်ငန်းစဉ်များနှင့် အချိန်ဇယားများ သတ်မှတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
