MT News

Written by Naing Thuta

လူလတ်ပိုင်းအရွယ် အမျိုးသား ၃ ဦးနှင့်အတူ တရားမဝင်ဆေးခြောက် ၈ ဒသမ ၁၃၅ ကီလိုဂရမ်အား ငဖဲမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံမူးယစ်အထူးတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီကျော်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့၊ ပဒါန်း(ပျဉ်းဝ)ပူးပေါင်းစစ်ဆေးရေးဂိတ်အကျော် နတ်ရေကန် ရှောင်ကွင်းလမ်း၊ မှတ်တိုင်အမှတ် ၄၁/၁ အနီးတွင် အမျိုးသား ၃ ဦးနှင့်အတူ မော်တော်ဆိုင်ကယ်တစ်စီး၊ စက်ဘီးတစ်စီး၊ တရားမဝင်ဆေးရွက်ခြောက် ၈ ဒသမ ၁၃၅ ကီလိုဂရမ်အား ဖမ်းဆီးရမိခဲ့သည်။

“သတင်းရလို့ ဂိတ်မှာကြိုစောင့်ပြီး သွားဖမ်းကြတာပါ။ ရှေ့ပြေးအနေနဲ့ စက်ဘီးတစ်စီးနဲ့ လူတစ်ယောက်က ကင်းထောက်ပြီးနေတာ။ အဲဒီစက်ဘီးကိုလွှတ်ပြီးမှ ဆိုင်ကယ်နဲ့လူ ၂ ယောက်ကို အရင်ဖမ်းတယ်။ ပြီးမှ စက်ဘီးနဲ့လူကိုပါ ဖမ်းလိုက်တာ” ဟု အဆိုပါမူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းဖမ်းဆီးရမိမှု၏ စုစုပေါင်းကာလတန်ဖိုးမှာ ကျပ် ၁၁ သိန်း ၃ သောင်း ၃ ထောင်ခန့်ဖြစ်ပြီး သက်သေခံပစ္စည်းများနှင့်အတူ တရားခံများအား ငဖဲမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News