၉. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက အဆိုပြုတင်သွင်းထားသည့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် လက်ရှိပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးအား ခန့်အပ်တာဝန်ပေးရန်နှင့် ပြည်ထောင်စုတရားကြီး ၈ ဦး၏ အမည်စာရင်းများအား ကန့်ကွက်သူမရှိ၍ သဘောတူကြောင်း ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက ကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူထံမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၇၊ ပုဒ်မခွဲ (က) ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ ပုဒ်မ ၅၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တို့နှင့်အညီ ဒေါက်တာသီတာဦးအား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်ပါကြောင်း ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ပြည်ထောင်စုလွှတ်တော် နာယကထံသို့ တင်ပြထားခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၇ ၊ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း သက်သေအထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း တောင်းခံခဲ့သော်လည်း နောက်ဆုံးသတ်မှတ်အချိန်အထိ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် ဒေါက်တာသီတာဦးကို ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်းကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ နှင့်အညီ လွှတ်တော်နာယက က ကြေညာခဲ့ခြင်းဖြစ်သည်။
ထို့ပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အဆိုပြုတင်ပြခဲ့သော ပြည်ထောင်စုတရားသူကြီး ၈ ဦး၏ အမည်စာရင်းကိုလည်း ကန့်ကွက်သူမရှိသောကြောင့် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုကြေညာခဲ့သည်။
ယင်းပုဂ္ဂိုလ်များနှင့်စပ်လျဉ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၁ ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံမှုမရှိကြောင်း သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသည် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီ ၈ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထား အမည်စာရင်းသွင်းနိုင်ကြောင်း ကြေညာခဲ့ပြီးဖြစ်ရာ နောက်ဆုံးသတ်မှတ်အချိန်အထိ အဆိုပါ ပုဂ္ဂိုလ်များနှင့် စပ်လျဉ်းပြီး ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက တင်ပြထားသည့် (၁) ဦးသောင်းနိုင်၊ (၂) ဦးသိန်းကိုကို၊ (၃) ဒေါ်သင်းသင်းနွဲ့၊ (၄) ဒေါ်ပြုံးပြုံးအေး၊ (၅) ဒေါက်တာကိုကိုနိုင်၊ (၆) ဦးဝင်းမြင့်၊ (၇) ဒေါ်စိုးခက်ခက်၊ (၈) ဒေါ်သင်းသင်းချိုတို့ကို ပြည်ထောင်စုတရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၃၁ နှင့်အညီ လွှတ်တော်နာယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
