◾ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲအပြီး အပြန်အလှန် ခြိမ်းခြောက်မှုများပြုလုပ်
၉.၄.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်က အီရန်အစိုးရအနေနဲ့ သဘောတူညီချက်ကို အမှန်တကယ်အပြည့်အဝလိုက်နာတဲ့အထိ အမေရိကန်စစ်ဘက်တပ်ဖွဲ့တွေက အီရန်နိုင်ငံနဲ့အနီးတစ်ဝိုက်မှာ ဆက်လက်တပ်ချထားမှာဖြစ်ပြီး ချိုးဖောက်မှုတစ်စုံတစ်ရာရှိရင် အရင်ကထက် ပိုမိုကြီးမားတဲ့ စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေမယ်လို့ ဧပြီလ ၈ ရက်မှာ သတိပေးခဲ့ပါတယ်။
အမေရိကန်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ စစ်ဘက်ဝန်ထမ်းတွေအားလုံး အီရန်နိုင်ငံနဲ့ အနီးတစ်ဝိုက်မှာ ဆက်လက်တည်ရှိနေမှာဖြစ်ပြီး သဘောတူညီချက်ကိုအစစ်အမှန် အပြည့်အဝလိုက်နာတဲ့အထိ တပ်စွဲထားမှာဖြစ်တယ်လို့ ထရမ့်ပ်က Truth Social လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ထရမ့်ပ်က “ဘယ်လိုအကြောင်းကြောင့်မဆို ပစ်ခတ်မှု စတင်ရမယ်ဆိုရင် အရင်ကမြင်တွေ့ခဲ့ရတာထက် ပိုမိုကြီးမား ကောင်းမွန်ပြီး ပိုမိုအားကောင်းလာမယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အီရန်က နျူကလီးယားလက်နက်တွေ မထုတ်လုပ်ဖို့နဲ့ ဟောမုဇ်ရေလက်ကြားက စီးပွားဖြစ်သင်္ဘောတွေအတွက် ပွင့်လင်းပြီး ဘေးကင်းလုံခြုံစေဖို့ သဘောတူညီခဲ့တယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
“ထိုအတောအတွင်း ကျွန်ုပ်တို့ရဲ့ ကြီးကျယ်သော အမေရိကန်စစ်တပ်ဟာ အင်အားစုဆောင်းမြှင့်တင်နေပြီး အနားယူလျက်ရှိကာ နောက်ထပ်အောင်ပွဲကို မျှော်လင့်နေပါတယ်” လို့လည်း ထရမ့်ပ်က ပြောခဲ့ပါတယ်။
သူက သန်းခေါင်ယံနီးပါးမှာ ရေးသားခဲ့တဲ့ ထိုပို့စ်ကို “အမေရိက ပြန်လာပါပြီ!” လို့ ကြေညာ အဆုံးသတ်ခဲ့တာပါ။
ပါကစ္စတန်ရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အမေရိကန်နဲ့ အီရန်တို့နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီပြီးတစ်ရက်အကြာမှာ ထရမ့်ပ်က ခုလိုရေးသားခဲ့တာပါ။
အီရန်က ရေလက်ကြားမှ တစ်ဆင့် ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်သော်လည်း သူ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စရေးက အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားဖို့ ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပေမယ့် အပစ်အခတ်ရပ်စဲမှုကို လက်ဘနွန်နိုင်ငံအထိ မတိုးချဲ့ဖို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ အစ္စရေးက ဖေဖော်ဝါရီလ ၂၈ ရက်မှာ စစ်ပွဲစတင်ခဲ့ပြီးနောက် လက်ဘနွန်ကို အပြင်းထန်ဆုံး ထိုးစစ်ဆင်မှုတွေ ပြုလုပ်နေဆဲ ဖြစ်ပြီး ဧပြီလ ၈ ရက်ကဆိုရင် တိုက်ခိုက်မှုတွေကြောင့်အနည်းဆုံး လူ ၁၈၂ ဦး သေဆုံးခဲ့ပါတယ်။
အသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘက်ကလည်း အမေရိကန်နဲ့ ထာဝရ ငြိမ်းချမ်းရေး သဘောတူညီချက် ရှာဖွေဖို့ ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ မသင့်လျော်လို့ အကြံပြုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးရဲ့ အားနည်းမှုကို အလေးပေးဖော်ပြကာ ခြိမ်းခြောက်ခဲ့ပါတယ်။
အမေရိကန်နှင့် အီရန်တို့ဟာ အစ္စလာမ္မာဘတ်မြို့မှာ ဆွေးနွေးပွဲတစ်ခုကို ဧပြီလ ၁၀ ရက်မှာ ပြုလုပ်ကြဖို့ မျှော်လင့်ရပါတယ်။
Ref- CNBC
