၉. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ ဖွဲ့စည်းခြင်းများအား ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် အမျိုးသားစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး လွှတ်တော်အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဖွဲ့စည်းထားသည့် ပြည်သူ့ငွေစာရင်းကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအပါအဝင် ကော်မတီဝင်ဦးရေ အများဆုံး ၇ ဦးစီဖြင့် တူညီစွာပါဝင်သည့် ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာလွှတ်တော်များမှ ပြည်သူ့ငွေစာရင်းကော်မတီအဖွဲ့ဝင် ၇ ဦးစီဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းပဒေ ၁၃၀ နှင့်အညီ လွှတ်တော်၏ သဘောထားကိုရယူခဲ့ရာ လွှတ်တော်က သဘောတူခဲ့သောကြောင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယနာယက ဦးနော်တောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးချစ်ဆွေ၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဦးတေဇကျော်၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးသန်းအောင်၊ တွဲဖက်အတွင်းရေးမှူအဖြစ် အောင်လံမဲဆန္ဒနယ်မှ ဦးတင်အောင်ချစ်နှင့် အဖွဲ့ဝင် ၁၀ ဦးတို့အား လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးမှုမပြုမီ အသေးစိတ်လေ့လာစိစစ်နိုင်ရေးအတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီများမှ ကော်မတီဦးရေ တူညီစွာပါဝင်သည့် ဥပဒေကြမ်းပူးပေါင်းကော်မတီအား ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရန် သက်ဆိုင်ရာလွှတ်တော်များမှ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ၇ ဦးစီဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဧပြီ ၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေဆိုင်ရာ ၁၂၆ နှင့်အညီ လွှတ်တော်၏ သဘောထားရယူခဲ့ရာ လွှတ်တော်က သဘောမတူသူ မရှိသည့်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးနော်တောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဧရာဝတီတိုင်းဒေသကြီး မဲအများဆုံးရသူအနိုင်ယူစနစ် မဲဆန္ဒနယ်အမှတ် (၂) ဒေါ်နွယ်နွယ်ဦး၊ ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာ၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြုစနစ် မဲဆန္ဒနယ်အမှတ် (၁) ဦးဇင်မင်းထက်၊ တွဲဖက်အတွင်းရေးမှူးအဖြစ် အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးနှင့် အဖွဲ့ဝင် ၁၀ ဦးတို့ဖြင့် ဥပဒေကြမ်းပူးပေါင်းကော်မတီကို အတည်ပြုဖွဲ့စည်းကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့ခြင်းဖြစ်သည်။
