သက်တံ့
၉. ၄. ၂၀၂၆
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်ဗေးနီးယားပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဖီလာဒဲဖီးယားက အထပ်မြင့်ကားပါကင်တစ်ခု ပြိုကျမှုမှာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေပါတယ်။
ဖီလာဒဲဖီးယား ကလေးဆေးရုံ (CHOP) ပိုင်ဆိုင်တဲ့ အဲဒီကားပါကင်ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့ (ဧပြီ ၈ ရက်)က ပြိုကျခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၁၆ မိနစ်လောက်မှာ Grays Ferry လမ်းမပေါ်က ဖြစ်စဉ်နေရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိခဲ့ကြပါတယ်။ လူသုံးဦးကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ဆောက်လုပ်ရေးလုပ်သားတစ်ဦးကတော့ Penn Presbyterian ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့နှစ်ဦးကတော့ ဆေးကုသမှုခံယူပြီးနောက် ဆေးရုံက ဆင်းသွားနိုင်ပြီလို့ သိရပါတယ်။
ဖီလာဒဲဖီးယား မီးသတ်အရာရှိချုပ် ဂျက်ဖရီ သော်မ်ဆန်က အဲဒီ ၇ ထပ်ရှိတဲ့ ကားပါကင် အဆောက်အအုံဟာ မခိုင်ခံ့တော့ဘဲ ယိုင်နဲ့နေတာကြောင့် ပျောက်ဆုံးနေတဲ့ အလုပ်သမား နှစ်ယောက်ကို ရှာဖွေဖို့ အချိန်ယူရဦးမယ်လို့ ပြောပါတယ်။
မြို့တော်ဝန် မစ္စ ရှာရဲလ် ပါကာက သတင်းထောက်တွေကို ပြောပြရာမှာတော့ အမိုးအပိုင်းအစတစ်ခု ပြုတ်ကျပြီးနောက် ၇ ထပ်စလုံးက ဆက်နေတဲ့ အစိတ်အပိုင်းတွေ တစ်ခုပြီးတစ်ခု ဆင့်ကဲပြိုကျသွားတာလို့ ဆိုပါတယ်။ “ကျွန်မ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောပါရစေ။ ဒီလူတွေကို ရှာဖွေဖို့ ကျွန်မတို့ လက်လျှော့မှာမဟုတ်သလို အားလုံးကို ပြန်တွေ့တဲ့အထိ အနားယူမှာ မဟုတ်ပါဘူး” လို့ မြို့တော်ဝန်က ပြောပါတယ်။
ဒါ့အပြင် ဂျက်ဖရီ သော်မ်ဆန်ကလည်း အဆောက်အအုံရဲ့ အလွှာတွေကို တစ်ခုချင်းစီ ဘေးကင်းအောင် ပြန်ဖျက်ထုတ်ပြီးမှသာ ကယ်ဆယ်ရေးသမားတွေ အတွင်းပိုင်းအထိ ဝင်ရောက်ပြီး အောက်ဆုံးထပ်မှာ ပိတ်မိနေသူတွေ ရှိ၊ မရှိ ရှာဖွေနိုင်မှာဖြစ်တယ်လို့ ရှင်းပြပါတယ်။
ဒီကားပါကင်ကို ဖီလာဒဲဖီးယား ကလေးဆေးရုံက ပိုင်တာဖြစ်ပြီး ဆောက်လုပ်ခွင့် ပါမစ်တွေနဲ့ စစ်ဆေးမှုတွေကလည်း အကုန်လုံး အဆင့်မီ ပြုလုပ်ထားပြီးသားဖြစ်တယ်လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒါပေမဲ့ ဘာကြောင့် ပြိုကျရသလဲဆိုတာကိုတော့ မြို့ပြအာဏာပိုင်တွေက စုံစမ်းစစ်ဆေးသွားမှာပါ။
ပင်ဆယ်ဗေးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဂျော့ရှ် ရှာပီရိုကလည်း သူနဲ့ သူ့ဇနီးတို့အနေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ ပျောက်ဆုံးနေသူတွေကို စောင့်ဆိုင်းနေရတဲ့ မိသားစုတွေအတွက် ဆုတောင်းပေးနေကြောင်း Facebook မှာ ရေးသားထားပါတယ်။ ဒါ့အပြင် မြို့တော်ဝန်နဲ့ ဆေးရုံတာဝန်ရှိသူတွေ၊ အလုပ်သမားသမဂ္ဂတွေနဲ့ ဆက်သွယ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တာမှန်သမျှ ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။
ဆေးရုံဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ အခုဖြစ်စဉ်ကို သိရှိထားပြီးဖြစ်ကြောင်း၊ ဆောက်လုပ်ရေးလုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးကို အဓိကထားပြီး မြို့ပြအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းနဲ့ နောက်ထပ် သတင်းအချက်အလက်တွေ ရလာရင် ထပ်မံအသိပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
Ref : The Mirror


