၉. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ အမည်စာရင်းတင်သွင်းထားသော ဦးအောင်ဇော်သိန်းအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ကန့်ကွက်သူမရှိသောကြောင့် ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေ ပုဒ်မ ၃၂၀ နှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ၉ ဦးဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။ ယင်းကဲ့သို့ ဖွဲ့စည်းနိုင်ရန်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦး စုစုပေါင်းအဖွဲ့ဝင် ၉ ဦး အမည်စာရင်း တင်သွင်းရခြင်းဖြစ်သည်။
အဆိုပါ အမည်စာရင်းတင်သွင်းခံရသူ ပုဂ္ဂိုလ် ၉ ဦးအနက်မှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင် ၁ ဦး၏ အမည်တို့ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၁၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄ တို့နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရယူနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်နေ့ ရက်စွဲပါစာဖြင့် ဧပြီ ၆ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါ အမည်စာရင်းအရ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးမှာ (၁) ဦးအောင်ဇော်သိန်း၊ (၂) ဦးဉာဏ်ထွန်း၊ (၃) ဦးမျိုးတင့်တို့ဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးသည် (၁) ဦးကျော်စန်း၊ (၂) ဦးတူးမော်၊ (၃) ဒေါ်စုစုဝင်းတို့ဖြစ်ကာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင် ၃ ဦးသည် (၁) ဒေါ်ဥမ္မာအေး၊ (၂) ဦးတင့်ဝေ၊ (၃) ဒေါက်တာမာလာမော်တို့ဖြစ်သည်။
ယင်းပုဂ္ဂိုလ်များနှင့် စပ်လျဉ်းပြီး ဖွဲ့စည်းအခြေခံဥပဒေ ၃၃၃ တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဧပြီ ၈ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်းရန် ကြေညာခဲ့ပြီးဖြစ်သည်။ သို့သော် အထက်ပါ ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ကန့်ကွက်ရန် အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးအချိန်အထိ ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိသည့်အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံသူက တင်ပြထားသည့် (၁) ဦးအောင်ဇော်သိန်း၊ (၂) ဦးဉာဏ်ထွန်း၊ (၃) ဦးမျိုးတင့်၊ (၄) ဦးကျော်စန်း၊ (၅) ဦးတူးမော်၊ (၆) ဒေါ်စုစုဝင်း၊ (၇) ဒေါ်ဥမ္မာအေး၊ (၈) ဦးတင့်ဝေ၊ (၉) ဒေါက်တာမာလာမော်တို့ ၉ ဦးကို နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံးရုံး အဖွဲ့ဝင်များအဖြစ် လည်းကောင်း၊ ၎င်းတို့အနက်မှ ဦးအောင်ဇော်သိန်းကို နိုင်ငံတော်ဖွဲ့စည်းပုံခြေခံဥပဒေဆိုင်ရာခုံးရုံး ဥက္ကဋ္ဌအဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က အတည်ပြုကြေညာခဲ့ခြင်းဖြစ်သည်။
