၉. ၄. ၂၀၂၆
Written by Nyein Kyaw
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ကန့်ကွက်သူမရှိသောကြောင့် သဘောတူကြောင်း ယနေ့ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြုကြေညာခဲ့သည်။
နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူထံမှ တင်ပြထားသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ် ၉ ဦး၏ အမည်စာရင်းကို ဧပြီ ၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်သည်။
ယင်းပုဂ္ဂိုလ်များနှင့် စပ်လျဉ်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥပဒေပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေအထင်အရှားပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဧပြီ ၈ ရက် နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီးဖြစ်ရာ နောက်ဆုံးသတ်မှတ်ချိန်အထိ အဆိုပါ ပုဂ္ဂိုလ်များနှင့် စပ်လျဉ်းပြီး ကန့်ကွက်ချက် တစ်စုံတစ်ရာမရှိကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့သည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံရသူက တင်ပြထားသည့် (၁) ဦးစိုးသိန်း၊ (၂) ဦးကျော်ဝင်းသိန်း၊ (၃) ဒုတိယရဲဗိုလ်ချုပ်ကြီးရဲဇော်မိုး၊ (၄) ဒေါက်တာထွန်းထွန်းဦး၊ (၅) ဦးလွန်းပေါ်၊ (၆) ဦးကျော်စိုးညွှန့်၊ (၇) ဦးတိုးရီ၊ (၈) ဦးတင်အောင်ဝင်း၊ (၉) ဦးမင်းဟန်တို့ပါဝင်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ၉ ဦးအနက်မှ ဦးစိုးသိန်းအား ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ကျန်ပုဂ္ဂိုလ် ၈ ဦးအား အဖွဲ့ဝင်အဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာခဲ့ခြင်းဖြစ်သည်။
