









◾️အနာဂတ်ကာလတွင်လည်း နိုင်ငံ့အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် “ပြည်သူသာအမိ ပြည်သူသာအဖ” ဟူသည့် ခံယူချက်နှင့် ပြည်သူအပေါ် အလုပ်အကျွေးပြုသွားကြရန် မှာကြား
၈. ၄. ၂၀၂၆
Written by Nyein Kyaw
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ က တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ပြည်ထောင်စုဝန်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ မိုခါမုန်တိုင်းအပါအဝင် သဘာဝဘေးဒဏ်ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် အရာရှိကြီးများအား ဂုဏ်ပြု အထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး၊ Banquet Hall ၌ ကျင်းပပြုလုပ်ရာ ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ချီးမြှင့်ပေးအပ်သည်။
မိုခါမုန်တိုင်းအပါအဝင် နိုင်ငံတော်တွင်ကျရောက်ခဲ့သည့် သဘာဝဘေးအန္တရာယ်များ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တပ်မတော်မှ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် ပူးပေါင်းပါဝင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည့် တပ်မတော်မှ အဆင့်မြင့် အရာရှိကြီးများနှင့် အရာရှိများ၊ တပ်မတော်သားများအားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ပြုသည်ကို ပြောကြားလိုပါကြောင်း ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပြောကြားသည်။
အလားတူ မိမိတို့တာဝန်ယူခဲ့သည့် ၅ နှစ်တာကာလအတွင်း၌ စက်မှုလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးအခြေခံဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများတိုးတက်အောင်မြင်အောင် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ကြိုးစားလုပ်ဆောင်ခဲ့သည်ကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုလိုကြောင်း ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပြောကြားသည်။
ယခုကဲ့သို့ နိုင်ငံတော်အတွက် အရေးကြုံလာတိုင်း၌ တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့် တစ်သားတည်း ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို အထူးကျေးဇူးတင်ကြောင်းကို ထပ်မံပြောကြားလိုကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်အောင် ကြီးကြပ်ကွပ်ကဲစီမံပေးခဲ့ကြသည့် တပ်မတော်အရာရှိကြီးများကိုလည်း လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းကို ပြောကြားလိုကြောင်း ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပြောကြားသည်။
အနာဂတ်ကာလတွင်လည်း နိုင်ငံ့အတွက် အရေးကြုံလာတိုင်း တပ်မတော်အနေဖြင့် ပြည်သူ့အကျိုးကို ထိထိရောက်ရောက် သယ်ပိုးဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြရန်၊ “ပြည်သူသာ အမိ ပြည်သူသာအဖ” ဟူသည့် ခံယူချက်နှင့် ပြည်သူတွေအပေါ် အလုပ်အကျွေးပြုသွားကြရန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း ကျရာကဏ္ဍမှ အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက ပြောကြားသည်။
ထို့နောက် ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အငြိမ်းစား အဆင့်မြင့်တပ်မတော်အရာရှိကြီးများအား ဂုဏ်ပြုအထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။
