



သက်တံ့
၈. ၄. ၂၀၂၆
ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် မတ်လ ၁၁ ရက်က အီရန်၏ ပစ်ခတ်တိုက်ခိုက်ခြင်းကို ခံခဲ့ရသော Mayuree Naree ကုန်တင်သင်္ဘောပေါ်မှ ထိုင်းသင်္ဘောသား သုံးဦးစလုံး သေဆုံးသွားပြီဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဆီဟာဆက် ဖူအန်ကတ်ကောင် (Sihasak Phuangketkeow) က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ မစ္စတာ ဆီဟာဆက်က သေဆုံးသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ယခုဆုံးရှုံးမှုသည် “အလွန်တရာ စိတ်မကောင်းဖြစ်ရသော ဖြစ်ရပ်” ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
၎င်းအနေဖြင့် အိုမန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ဧပြီလ ၁၅ ရက်မှ ၁၆ ရက်နေ့အတွင်း အိုမန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားပြီး၊ Mayuree Naree သင်္ဘောသားများအတွက် အိုမန်နိုင်ငံက ကူညီပေးခဲ့မှုအပေါ် ထိုင်းနိုင်ငံ၏ ကျေးဇူးတင်ရှိမှုကိုလည်း ကိုယ်တိုင်ကိုယ်ကျ ပြောကြားသွားမည်ဟု ဆိုသည်။
ထို့အပြင် ဟော်မုဇ်ရေလက်ကြားကို ပူးတွဲထိန်းချုပ်ထားသည့် အိုမန်နှင့် အီရန်နိုင်ငံတို့အကြား ရေကြောင်းသွားလာမှု စီမံခန့်ခွဲရေး၊ လုံခြုံရေး စိတ်ချရစေရေးနှင့် ငြိမ်းချမ်းစွာ ရေကြောင်းဖြတ်သန်းနိုင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် ဆွေးနွေးမှုများကို ထိုင်းနိုင်ငံက အနီးကပ် စောင့်ကြည့်နေကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
”လက်ရှိ သတင်းများအရ သိရသော နှစ်ပတ်ကြာ အပစ်ရပ်စဲရေးကာလအတွင်း ရေလက်ကြားထဲတွင် ပိတ်မိနေသည့် သင်္ဘောများ ဖြတ်သန်းသွားလာနိုင်ရန် အခွင့်အလမ်းရှိလာလိမ့်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ကြောင်း” ၎င်းက မှတ်ချက်ပြုသည်။
လက်ရှိတွင် ထိုင်းသင်္ဘောတစ်စင်းမှာ ရေလက်ကြားအတွင်းမှ ထွက်ခွာနိုင်ခဲ့ပြီဖြစ်သော်လည်း၊ အရေးကြီးသော မြေသြဇာများ တင်ဆောင်လာသည့် သင်္ဘောတစ်စင်း အပါအဝင် အခြားသော ထိုင်းသင်္ဘော ကိုးစင်းမှာ ဖြတ်သန်းခွင့်ရရန် ဆက်လက်စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။
အပစ်ရပ်ထားသည့် ကာလအတွင်း ကျန်ရှိနေသော ထိုင်းသင်္ဘောများ ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် အီရန်နိုင်ငံနှင့် ညှိနှိုင်းရာတွင် ကူညီပေးပါရန် အိုမန်နိုင်ငံ၏ ပံ့ပိုးမှုကို ထိုင်းနိုင်ငံက တောင်းခံသွားမည်ဖြစ်ကြောင်း မစ္စတာ ဆီဟာဆက်က ပြောကြားခဲ့သည်။
အမေရိကန်- အစ္စရေးတို့နှင့် ဖေဖော်ဝါရီ ၂၈ ရက်ကစတင်ခဲ့သော စစ်ပွဲအတွင်း အီရန်က စစ်ပွဲနှင့် မသက်ဆိုင်သော ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီးနောက် အာရှအပါအဝင် ကမ္ဘာတစ်ဝန်း စက်သုံးဆီ အကျပ်အတည်းဖြစ်လာခဲ့သလို အီရန်က မတ်လ ၁၁ ရက်တွင် ထိုင်းအမှုထမ်း ၂၃ ဦးလိုက်ပါလာသော Mayuree Naree ကုန်တင်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းပြီးချိန် ပစ်ခတ်တိုက်ခိုက်ရာမှ ၂၀ ဦး ကယ်တင်နိုင်ခဲ့သော်လည်း သုံးဦးမှာမူ ကယ်တင်နိုင်ခြင်းမရှိခဲ့သလို ယခုမှသာ သေဆုံးသွားပြီဟု အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
