


၈.၄.၂၀၂၆.
Translated by Htwe Ko Tun
အင်္ဂလန်နိုင်ငံရှိ ဆရာဝန်တွေဟာ အစိုးရရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီးနောက် ခြောက်ရက်ကြာ သပိတ် မှောက်မှုကို ဧပြီလ ၇ ရက်မှာ စတင်ခဲ့ပြီး ဗြိတိန်ဆေးဘက်ဆိုင်ရာအသင်းက အစိုးရဟာ နှစ်ပေါင်းများစွာ လစာလျော့ပါးမှုနဲ့ ဝန်ထမ်းဖိအားတွေကို ပြန်လည်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ကား စတမ်မာက ၄၈ နာရီကြာ နောက်ဆုံးထားပြီး ရာဇသံပေးတောင်းဆိုခဲ့ပေမယ့် တစ်စုံတစ်ရာ သဘောတူညီချက်မရရှိဘဲ အီစတာအားလပ်ရက်ကာလအတွင်း ဧပြီလ ၇ ရက်မှာ စတင်တဲ့ ဆရာဝန်တွေရဲ့သပိတ်မှောက်မှုဟာ ဧပြီလ ၁၃ ရက် နံနက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။
အစိုးရက သဘောတူညီချက်ကို လက်ခံခြင်းအပေါ် မူတည်တယ်လို့ဆိုတဲ့ အထူးပြုသင်တန်းနေရာ ၁,၀၀၀ အတွက် ရန်ပုံငွေထောက်ပံ့ဖို့ ကတိကို အခုအခါ ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီး ဝက်စ် စထရိတင်းက အစိုးရဟာ လူနာတွေရဲ့ဝန်ဆောင်မှုတွေအတွက် သူ့အနေနဲ့ ကုန်ကျခံတတ်နိုင်ဖွယ်မရှိလို့ ယူဆတဲ့ လိုအပ်သောကုန်ကျစရိတ်အတွက် သုံးစွဲဖို့ မပြင်ဆင်ထားဘူး လို့ ပြောကြားခဲ့ပါတယ်။ ဆရာဝန်တွေ သပိတ်မှောက်မှုကြောင့် လူနာတွေရဲ့ ကျန်းမာရေးဝန်ဆောင်မှုအတွက် တစ်နေ့ကို ပေါင်စတာလင် သန်း ၅၀(ဒေါ်လာ ၆၆ သန်း) ဒါမှမဟုတ် ခြောက်ရက်ကြာ သပိတ်မှောက်မှုအတွက် ပေါင်စတာလင် သန်း ၃၀၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။
ဧပြီလ ၇ ရက်က Times Radio ကို ပြောကြားရာမှာ စထရိတင်းက ဆရာဝန်တွေဟာ လေဘာပါတီအစိုးရလက်ထက်မှာ ဘယ်အစိုးရကဏ္ဍအုပ်စုထက်မဆို သာလွန်ပြီး လစာအများဆုံးရရှိခဲ့ ပေမယ့်အစိုးရကို တန်ပြန်အဆိုပြုချက်တောင်မတင်ပြဘဲ ကမ်းလှမ်းချက်ကို တစ်ခါတည်း ငြင်းပယ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗြိတိန်ဆေးဘက်ဆိုင်ရာအသင်း (BMA) သည် ယခင်က ဂျူနီယာဆရာဝန်တွေလို့ လူသိများသော ဌာနေဆရာဝန် ၅၅,၀၀၀ ခန့်ကို ကိုယ်စားပြုပြီး သူတို့က ဆေးဘက်ဆိုင်ရာလုပ်သားအင်အားရဲ့ ထက်ဝက်နီးပါးရှိပါတယ်။
လစာနဲ့ အလုပ်သမားအင်အားဆိုင်ရာ အစိုးရရဲ့ ကမ်းလှမ်းချက်ဟာ ငွေကြေးဖောင်းပွမှုအောက်ရှိ လစာတိုးမြှင့်မှုတွေ အပါအဝင် ရေရှည်စိုးရိမ်မှုတွေကို ဖြေရှင်းဖို့ လုံလောက်မှုမရှိဘူးလို့ BMA က ပြောကြားခဲ့ပါတယ်။
“ဘယ်သူမှ သပိတ်မှောက်ချင်ကြတာ မဟုတ်ဘူး။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့ ကမ်းလှမ်းချက် မရှိရင် ဆရာဝန်တွေအတွက် တခြားနည်းလမ်း မရှိတော့ဘူး” လို့ BMA က X လူမှုကွန်ရက်မှာ ဧပြီလ ၇ ရက်ကရေးသားခဲ့ပါတယ်။
Ref- Reuters
