



နေမိုး
၈. ၄. ၂၀၂၆
အမျိုးသားလေးဦး ဒလန်ဟုတံဆိပ်ကပ်ကာ ရေး PDF များက ဖမ်းဆီးသတ်ဖြတ်သဖြင့် သုံးဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦးဒဏ်ရာရမှု ရေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၅ ရက် ည ၁၀ နာရီတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မီးတိုင်တက်ကျေးရွာနေ ကိုမင်း(၂၆)နှစ်၊ ကိုဇင်ကိုကို(၂၆)နှစ်၊ ဦးသိန်းငွေ(၅၇)နှစ်နှင့် ဦးသန်းလှိုင်(၃၂)နှစ်တို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF ၂၀ ဦးခန့်က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး “ဒလန်များ” ဟုစွပ်စွဲပြောဆို၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထို့နောက် မီးတိုင်တက်ကျေးရွာတောင်ဘက် တစ်မိုင်ခန့်အကွာ ခေါဇာ-ကျုံညဲကားလမ်းပေါ်အရောက်၌ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ကိုမင်း၊ ကိုဇင်ကိုကိုနှင့် ဦးသိန်းငွေတို့ သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးသန်းလှိုင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။
