သက်တံ့
၈. ၄. ၂၀၂၆
တက္ကနာ့ဖ် (Teknaf) ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို မကြာမီ ပြန်လည်စတင်ရန် မျှော်လင့်ရကြောင်း ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး Md Rajib Ahsan က ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်ကို ဝန်ကြီးသည် တနင်္လာနေ့တွင် ဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကာလရှည်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် ဆိပ်ကမ်းလုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန် ပြင်ဆင်မှုများကို ၎င်းက စစ်ဆေးခဲ့သည်။
ဆိပ်ကမ်းပြန်ဖွင့်ခြင်းသည် ဒေသတွင်း စီးပွားရေးလှုပ်ရှားမှုများကို ပြန်လည်ကောင်းမွန်စေမည်ဖြစ်ပြီး၊ ဆိပ်ကမ်းပိတ်ထားမှုကြောင့် အခက်အခဲကြုံတွေ့နေရသော ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားများအတွက် အကျိုးရှိစေမည်ဟု ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့အပြင် အစိုးရအနေဖြင့် သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများကို အမြန်ဆုံး အပြည့်အဝပြန်လည်စတင်နိုင်ရန် ဆောင်ရွက်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဆိပ်ကမ်းလုပ်ငန်းများ ပြန်လည်စတင်ပါက ဒေသခံအလုပ်သမားများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့၏ မည်သူမည်ဝါဖြစ်ကြောင်း (Identity) ကို အာဏာပိုင်များက စစ်ဆေးအတည်ပြုမည်ဟု ဆိုသည်။ ဘင်္ဂါလီအလုပ်သမားများကိုမူ ဆိပ်ကမ်း၌ လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက အတိအလင်း ပြောကြားခဲ့သည်။
Rajib Ahsan က ဆိပ်ကမ်းကာလရှည် ပိတ်ထားရခြင်းကြောင့် ကုန်သည်များ၊ အလုပ်သမားများနှင့် အစိုးရတို့တွင် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုများရှိခဲ့ပြီး အစိုးရအတွက်လည်း အခွန်ဝင်ငွေများစွာ ဆုံးရှုံးခဲ့ရကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့ကြောင့် ဆိပ်ကမ်းကို အမြန်ဆုံးပြန်ဖွင့်နိုင်ရန် လိုအပ်သော အဆင့်ဆင့်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်ပြီးဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။
ခရီးစဉ်အတွင်း ဝန်ကြီးသည် ဆိပ်ကမ်း အခြေခံအဆောက်အအုံများ၊ သွင်းကုန်-ပို့ကုန် စနစ်များ၊ လုပ်ငန်းလည်ပတ်ရန် အလုံးစုံအဆင်သင့်ဖြစ်မှု အခြေအနေများကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများကို လိုအပ်သည့် ညွှန်ကြားချက်များ ပေးအပ်ခဲ့သည်။
ဒေသခံ အလုပ်သမားခေါင်းဆောင် Ali Azgar Majhi က ဆိပ်ကမ်းပိတ်ထားကတည်းက ရာနှင့်ချီသော အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေပြီး မိသားစုများ စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း၊ ဆိပ်ကမ်းပြန်ဖွင့်ပါက အလုပ်သမားများ အလုပ်ပြန်ရပြီး မိသားစုကို ထောက်ပံ့နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
C&F Agents Association ဥက္ကဋ္ဌဟောင်းနှင့် စီးပွားရေးလုပ်ငန်းရှင် Mohammad Hashem ကမူ မြန်မာနိုင်ငံဘက်ခြမ်းရှိ ရခိုင်အကြမ်းဖက်လက်နက်ကိုင် AA ၏ ဟန့်တားနှောင့်ယှက်မှုများကြောင့် ကုန်သွယ်ရေး ပြတ်တောက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။ ကုန်တင်သင်္ဘောများ မကြာခဏ ပိတ်ဆို့တားဆီးခံရခြင်းက ပုံမှန်လုပ်ငန်းလည်ပတ်မှုကို အဟန့်အတားဖြစ်စေခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုသို့ ဆက်တိုက်ဆိုသလို အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ရပြီး ဆိပ်ကမ်းကို အမှီပြုနေရသူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်သူအားလုံးက ဆိပ်ကမ်းလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်ခြင်းဖြင့် ဒေသတွင်းစီးပွားရေး ပြန်လည်နိုးထလာပြီး ကာလရှည်ပိတ်ထားမှုကြောင့် ဖြစ်ပေါ်ခဲ့ရသော ဒုက္ခများ သက်သာရာရစေမည်ဟု မျှော်လင့်နေကြသည်။
Ref : Jago News
