◾️ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့်ကျောင်းသားများကို တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်တန်းများ၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းများအထိ တပ်မတော်၏ ကူညီဖြည့်ဆည်းပေးမှုများနှင့် ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးမည်
၉. ၄. ၂၀၂၆
Written by Nyein Kyaw
လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာရေးကဏ္ဍသစ်တစ်ခုအဖြစ် တပ်မတော်သားများ၏ သားသမီးများပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူစောင့်ရှောက်နိုင်ရန် တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တို့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ယနေ့ ကျင်းပသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြောကြားသည်။
ယနေ့ ကမ္ဘာ့ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံအသီးသီး၏ ပညာရေးစနစ်အခြေခံ ခိုင်မာမှု ရှိ၊ မရှိ ဆိုသည်ကို စိန်ခေါ်မှုများစွာဖြင့် နေ့စဉ်ဆန်းစစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ပညာပြည့်ဝသည့်လူသားအရင်းအမြစ်များ များစွာလိုအပ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများအတွက်လည်း ပညာပြည့်ဝသည့် တပ်မတော်သားအရင်းအမြစ်များ များစွာရှိနေရန် လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက် ပညာရေးတပ်၊ ကျောင်းများ၏ အခန်းကဏ္ဍသည် အဓိကအရေးပါသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားသည်။
ထိုကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာရေးနှင့်ပတ်သက်သည့် ကဏ္ဍသစ်တစ်ခုကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပညာရေးကဏ္ဍသစ်မှာ တပ်မတော်တွင် စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ၊ တပ်မတော်သားအငြိမ်းစား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများနှင့် ကျဆုံးသွားကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ် တာဝန်ယူစောင့်ရှောက်နိုင်ရန် တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန်နှင့် နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ပညာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
ထိုသို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်ကောင်းများ စဉ်ဆက်မပြတ်ထွန်းကားလာမည့်အပြင် ပညာပြည့်ဝသည့် တပ်မတော်သား အရင်းအမြစ်ကောင်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားသည်။
အတန်းစဉ်ကူးပြောင်းမှုကောင်းပြီး ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်တန်းများ၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေးသင်တန်းများအထိ တပ်မတော်၏ ကူညီဖြည့်ဆည်းပေးမှုများနှင့် ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ကို ပြောကြားလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားသည်။








