၂၇. ၂. ၂၀၂၃
Written By Thandar

“တောင်းဆုတစ်ခုပြည့်စေသား” ရုပ်ရှင်ဇာတ်ကားလေး ရုံတင်မယ်ဆိုတော့ သရုပ်ဆောင် တစ်ယောက် ဖီလင်ကတော့ ပီတိဖြစ်ပြီး သဘောကျပါတယ်လို့ သရုပ်ဆောင် မိုးယံဇွန် က MT News Entertainment ကိုပြောပါတယ်။

“ဦးစတီးလ်နဲ့ အမှတ်တရဖြစ်ရတဲ့ ဇာတ်ကားပါ၊ ဦးစတီးလ်ကလည်း ကျွန်‌တော်သရုပ်ဆောင် စလုပ်ထဲက သုခမိန်ကုမ္ပဏီနဲ့ ဗီဒီယိုကားတွေ ရိုက်တယ်။ သုခမိန်မှာလည်း သူက ရှုတင်မန်နေဂျာ လိုက်လုပ်ချိန်မှာ သံယောဇဥ်ရှိတယ်။ နည်းနည်းကြာတော့ ဦးစတီးလ်က ဒါရိုက်တာဘက်ကူးသွားတယ်။ ကျွန်တော်နဲ့လည်း တစ်ခါမှ မဆုံဖြစ်တော့ဘူး။ ကျွန်‌တော်ကလည်း မေမြိုမှာ ‘ငယ်ပါသေးတယ်’ ဇာတ်ကားရိုက်နေတယ်။ ဟိုဘက် ဒီဘက် ရှုတင်ဆုံတော့ အစ်ကိုက ဒါရိုက်တာဖြစ်တော့ ကျွန်တော်တောင် ခေါ်မရိုက်ဘူးလို့ နောက်လိုက်တာကို ဒီကားလေးမှာခေါ်လို့ ပါဝင်ဖြစ်သွားတာပါ” လို့ သရုပ်ဆောင် မိုးယံဇွန်က ပြောပါတယ်။

ကိုဓဥပဒေကို ကျင့်သုံးရင် အဆုံးသတ်မှာ မကောင်းတဲ့ ရလဒ်ပဲ ရမယ်ဆိုတာကို ဖော်ညွှန်းထားတဲ့ ဇာတ်လမ်းပုံစံ “တောင်းဆုတစ်ခုပြည့်စေသား” ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီ ထွန်းထွန်း၊ ထွန်းကိုကို၊ ထူးခြား၊ မိုးယံဇွန်၊ မိုးဟေကို၊ မေမြင့်မိုရ်နဲ့ နန်းခင်ဇေယျာတို့နဲ့အတူ အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Triple Six ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ဒီဇာတ်ကားကို လာမယ့်မတ်လထဲမှာ မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

“ကျွန်တော်က ဒီဇာတ်ကားမှာ သူပုန်‌တစ်ယောက်ရဲ့ကာရိုက်တာနဲ့ သရုပ်ဆောင်ထားပါတယ်။ ရောင်စုံ သူပုန်ခေတ်တုန်းက သူပုန်လုပ်ရတဲ့ အခန်းမှာပါပါတယ်။ ကိုထွန်းကိုကိုတို့ တခြားသရုပ်ဆောင်တွေနဲ့လည်း ရိုက်ကူးထားပါတယ်။ ၂၀၁၇ ခုနှစ်လောက်ကရိုက်ထားတဲ့ ကိုယ့်ဇာတ်ကားလေး ရုံတင်မယ်ဆိုတော့ သရုပ်ဆောင်တစ်ယောက် ဖီလင်ကတော့ ပီတိဖြစ်ပြီး သဘောကျပါတယ်။ ဘယ်လိုအခန်းကဏ္ဍကပါပါ ကျွန်တော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ဇာတ်ဝင်ခန်း နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ပိတ်ကားမှာ တွေ့ရမှာမို့ ပီတိဖြစ်ပြီး ပျော်ပါတယ်။ ကိုယ့်ဇာတ်ကားမှ မဟုတ်ပါဘူး တခြားထုတ်လုပ်ရေး ရုပ်ရှင်ဇာတ်ကားတွေပဲ ရုံတင်ရင်လည်း ပရိသတ်တွေအနေနဲ့ အရင်လိုပျော်ပျော်ရွှင်ရွှင်လာရောက် အားပေးတာမျိုးမဟုတ်ရင်တောင် အခါကြီး ရက်ကြီး ပွဲတော်ရက်ကြီးတွေမှာ ဝိုင်းဝန်းပြီးတော့ ရုပ်ရှင်ရုံမှာပြတဲ့ ဇာတ်ကားတွေရဲ့ အနုပညာကို ခံစားစေချင်ပါတယ်” လို့ မိုးယံဇွန်က ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News