၂၇. ၂. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲများရှိနေပြီး မွေးမြူ‌ရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့်ကုန်ကြမ်းများအတွက် ဈေးနှုန်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်ပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် တိရစ္ဆာန်အစားအစာသည် အခက်အခဲရှိကြောင်း၊ ဆန်ကွဲ၊ ပြောင်းတို့သည် B Grade ဖြစ်သည့်အတွက် ဈေးကောင်းရကြောင်း၊ မွေးမြူရေးအစာဖြစ်သည့် ဆန်ကွဲ၊ ပြောင်း စသည့်ကုန်ကြမ်းများအတွက် ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်ပေးရန် မွေးမြူရေးနှင့် ရေလုပ်ငန်းရှင်များက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မွေးမြူရေးအစာ အခက်အခဲကြောင့် ဈေးကွက်အတွင်းသို့ ပြည်တွင်းရှိ မွေးမြူရေးခြံများမှ အသားတိုးကြက်များ ဝင်ရောက်မှုနည်းခဲ့သဖြင့် ပြီးခဲ့သည့် လေးလအတွင်း အသားတိုးကြက်(CP)များ ပင်ရင်းဈေးနှုန်း တစ်ပိဿာ ကျပ် ၆,၅၀၀ အထိ မြင့်တက်ခဲ့မှုများရှိခဲ့ကြောင်း သိရသည်။

“CP က ပင်ရင်းမှာကို ၆,၅၀၀ လောက်ဖြစ်ခဲ့တာ။ ဈေးနှုန်းမြင့်တက်တာက သုံးလ လေးလလောက်ရှိပြီပေါ့။ ဒါပေမဲ့ တစ်ပတ်လောက်ရှိပြီ။ အဲဒီ CP အသားတိုးကြက်တွေ နည်းနည်းဈေးပြန်ကျတယ်။ အခုတစ်ပတ်လောက်မှာ ၅,၅၀၀၊ ၅,၂၀၀ လောက်ပဲရှိတယ်။ ဟိုအရင်တွေတုန်းကတော့ ဒါတွေက ၄,၀၀၀ ကျော်ပဲရှိတာ” ဟု သင်္ဃန်းကျွန်းမြို့နယ် ဘုရားလမ်းဈေးတွင် အသားတိုးကြက်ရောင်းသူတစ်ဦးက ပြောသည်။

ပြည်တွင်းဈေးကွက်၌ ဆန်သားချောမှထွက်ရှိသည့် ဆန်ကွဲများသည် အခြားသောဆန်ကြမ်းဈေးနှုန်းနှင့် ဈေးနှုန်းအတူတူဖြစ်နေပြီး လက်ရှိတွင် ဆန်ကွဲတစ်အိတ်ကို ကျပ် ၄၆,၀၀၀ အထိရှိကြောင်း ပြည်တွင်းဆန်နှင့် ဆန်ကွဲရောင်းချသူများထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းစားဆန်များ ဈေးနှုန်းမြင့်တက်ခဲ့သည့်အတွက် တစ်အိတ် ကျပ် ၇၀,၀၀၀ ကျော်သာရှိခဲ့သည့် ရွှေဘိုပေါ်ဆန်းမှာလည်း ဖေဖော်ဝါရီလအတွင်း တစ်အိတ်ကို ၁၂၀,၀၀၀ အထိ မြင့်တက်မှုများရှိခဲ့သဖြင့် ဆန်ချောစားသုံးသူများ ဆန်ကြမ်းပြောင်းလဲစားသောက်နေမှုများရှိလာပြီး ဆန်ကြမ်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လျက်ရှိနေသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၁၀ လကျော်တွင် ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှုပမာဏ ဒေါ်လာသန်း ၆၆၀ ကျော်ရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၄၅ သန်းကျော် လျော့ကျခဲ့သည်။ တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုပမာဏ ဒေါ်လာသန်း ၂၀ ခန့်သာရှိပြီး ယခင်နှစ်ကာလတူထက် တင်ပို့မှုပမာဏ ဒေါ်လာ ၁၃ သန်းကျော် ပိုမိုတင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News